#Local_News
Published-3 November 2022

 

ရန်ကုန်တန်ဆောင်တိုင်မီးထွန်းပွဲတော် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တန်ဆောင်တိုင်ဓာတ်ပုံပြိုင်ပွဲကျင်းပရေး ကော်မတီက သိရသည်။

 

ရန်ကုန်မြို့ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ နိုဝင်ဘာလ ၅ ရက်မှ ၇ ရက် ထိ နေ့စဉ် နံနက်(၇)နာရီမှ ည(၁၀)နာရီအချိန်သတ်မှတ်၍ အလှဆင်မီးများ၊ မီးရှူးမီးပန်းပေါင်းများလည်း ပစ်ဖောက်သွားမည်လည်းဖြစ်သည်။

 

တန်ဆောင်တိုင်ဈေးပွဲတော်ကိုလည်း ထည့်သွင်းမည်ဖြစ်သည့်အပြင် လာရောက်သည့်ပရိသတ်များအတွက် နိုင်ငံကျော်တေးသံရှင်များကလည်း တေးသီချင်းများ DJ များဖြင့်လည်း အပြိုင်အဆိုင် ဖျော်ဖြေကြမည်လည်းဖြစ်ကြောင်းလည်း သိရသည်။

 

"အခု ကျင်းပမယ့် ပြည်သူ့ရင်ပြင်ရဲ့ တန်ဆောင်တိုင်ပွဲတော်မှာ ရိုက်တဲ့ ပုံတွေအပါအဝင် ရန်ကုန်မြို့ရဲ့ တန်ဆောင်တိုင်အလှ ပေါ်လွင်တဲ့နေရာတွေမှာ တန်ဆောင်တိုင်မီးထွန်းပွဲ‌ကျင်းပနေတာတွေကို ဖော်ညွှန်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ ဝင်ပြိုင်နိုင်မှာ ဖြစ်ပါတယ်၊ ဘယ်သူမဆိုရောင်စုံဓာတ်ပုံပြိုင်ပွဲ ဝင်ပြိုင်နိုင်မှာပါ၊ ပြိုင်ပွဲခေါင်းစဉ်ကိုတော့“သာယာလှပ ရန်ကုန်တန်ဆောင်တိုင်လပြည့်ည" ဆိုပြီးတော့နာမည်ပေးထားတယ်"ဟု ရန်ကုန်တန်ဆောင်တိုင်ဓာတ်ပုံပြိုင်ပွဲ ကျင်းပရေးကော်မတီတာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ပြိုင်ပွဲဝင်ဓာတ်ပုံများကို မည်သည့်ကင်မရာအမျိုးအစားကိုမဆို အသုံးပြုနိုင်ကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့်အသတ်မရှိကြောင်း၊ Hard Copy နှင့် Soft Copy (CD)ကို တစ်ပါတည်း ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်းလည်း သိရသည်။

 

ပြိုင်ပွဲဝင်ဓာတ်ပုံများကို အများပြည်သူအကျိုးငှာပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘောတူခွင့်ပြုရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သူ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံ၏ အကြောင်းအရာ၊ ရိုက်ကူးသည့် နေရာဒေသတို့ကိုပါ ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်ဖြစ်ကြောင်း၊ ဓာတ်ပုံများကို နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထား၍ SBS Express 09765427090 နှင့် 09765427228 သို့ ပေးပို့ရမည်ဖြစ်ကြောင်း ထိုက်တန်သော ဂုဏ်ပြုငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#ymg/mt
#Yangon_Media_Group