၈ မေ ၂၀၂၄

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် သဘောတူထားတဲ့ သံအမတ်ကြီး Mr. Imran Haider သည်  ယနေ့ မေလ ၈ ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး သံတမန်ဆောင်၌ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် ပါကစ္စတန်သံအမတ်ကြီးနှင့်  မြန်မာနှင့်ပါကစ္စတန်နှစ် နိုင်ငံအကြားသံတမန်ဆက်ဆံရေး  ယဉ်ကျေးမှု ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ များအပါအဝင် အစိုးရအချင်းချင်းပူးပေါင်းဆောင်ရွက်ရေး၊အထည်အလိပ်လုပ်ငန်းများ၊ ဆေးဝါးထုတ်   လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ရေး၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွား ရေးတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

@ymg/knl