၂၇ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာနိုင်ငံသည် ခေတ်ပြိုင်အခြားနိုင်ငံများနှင့်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်း ကျန်ခဲ့သည့်  အတွက် သင်ခန်းစာ ဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက်ဆောင်ရွက်ကြရန် ဗိုလ်ချူပ်မှူးကြီး  မင်းအောင်လှိုင်က စစ်ဘက်အရပ်ဘက် အရာရှိကြိးများကို ပြောကြားပါတယ်။

နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ၂၇ ရက် မနက်ပိုင်းက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်လျက်ရှိတဲ့ သင်တန်းသားတွေဖြစ်တဲ့ တပ်မတော်နှင့် အရပ်ဘက် နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကို Video Conferencing ဖြင့် အမှာစကားပြောကြားရာမှာ ယင်းကဲ့သို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်ပါတယ်။

မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့်  သမိုင်း ကြောင်းရှိသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတော်အနေဖြင့်ခေတ်အလိုက် တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများ  ဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့တို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့မြင်ရ ကြောင်းဗိုလ်ချုပ်မှူးကြီးကပြောကြားခဲ့ပါတယ်။

ပညာရေးနှင့် ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အချက် ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့်ရင်ဘောင်တန်းနိုင်မှုမရှိခဲ့ဘဲ နောက်တွင်ကျန်နေခဲ့ကြောင်း၊ ယင်းအချက်အလက်များကို အခြေ ခံ၍ သင်ခန်းစာ ဖော်ထုတ်ကာနိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက  ဆက်လက်ပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများမှသည် နစကအနေဖြင့် ဖွဲ့စည်းပုံ  အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံ့ တာဝန်များကိုထမ်းဆောင်ခဲ့ရမှုအခြေအနေများအထိ သမိုင်းကြောင်း  ကို ဗိုလ်ချုပ်မှူးကြီးက အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ယင်းအပြင်မြန်မာနိုင်ငံကိုပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက် လျှောက်လှမ်းလျက်ရှိမှုနှင့်

လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ   ကိုလည်း ဗိုလ်ချုပ်မှူးကြီးက သင်တန်းသားအရာရှိကြီးများကို ရှင်းလင်းပြောပြခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာ ကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နိုင်ငံတော်  ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများလည်းတက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်ရန်ယခင်ကတပ်မတော်အရာရှိကြီးများကိုသာ ရွေးချယ်ခဲ့သော် လည်း ယခုအချိန်တွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်း တက်ရောက်စေခဲ့ကြောင်း သိရှိရပါတယ်။

@ymg/knl