၁၂ ဧပြီ ၂၀၂၄

နေပြည်တော်ကို ဘာသာပေါင်းစုံကိုယ်စားပြုသည့်နေရာတစ်ခုအဖြစ်ရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ တွင် ဘာသာပေါင်းစုံမှ ဘာသာရေးအသင်းအဖွဲ့များအတွက် ဘာသာရေးဆိုင်ရာ  အဆောက်အဦများ ဆောက်လုပ် နိုင်ရန်အတွက် နိုင်ငံတော်မှ မြေပေးမိန့်များထုတ်ပေးခဲ့ကြောင်းသိရပါတယ်။

အဆိုပါမြေပေးမိန့်များထုတ်ပေးသည့် အခမ်းအနားတစ်ခုကို ဧပြီ ၁၂ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ပြီး နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ ဘာသာရေးအဖွဲ့ကိုယ်စားလှယ်များထံ မြေပေးမိန့်များ ထုတ်ပေးခဲ့တာဖြစ်ပါတယ်။

ယင်းအတွက် ဗုဒ္ဓဘာသာကိုယ်စားလှယ်၊ ကက်သလစ်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ နှစ်ခြင်းခရစ်ယာန် ဘာသာကိုယ်စားလှယ်၊ အင်္ဂလီကန်ခရစ်ယာန်ဘာသာကိုယ်စားလှယ်၊ ဆွန်နီအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ ရှီ ယာအစ္စလာမ်ဘာသာကိုယ်စားလှယ်၊ဟိန္ဒူဘာသာကိုယ်စားလှယ်တို့ကအသီးသီးလက်ခံရယူခဲ့ကြကြောင်းသတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“နေပြည်တော် ကောင်စီနယ်မြေသည် ဘာသာပေါင်းစုံအတူတကွယှဉ်တွဲ နေထိုင် ပြီးငြိမ်းချမ်းစွာဖြင့်  နေထိုင်နိုင် သည့် နေရာတစ်ခုဖြစ်ကြောင်း၊ နေပြည်တော်တွင် ခရစ်ယာန်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာ သာဝင်များနည်းပါးကြောင်း၊ တစ်နိုင်ငံလုံးကိုကိုယ်စားပြုသည့် ဘာသာပေါင်းစုံနေထိုင်သည့်နေရာတစ်ခုဖြစ် အောင်ဆောင်ရွက်ပြီး နေပြည်တော်အား ဘာသာပေါင်းစုံကို ကိုယ်စားပြုသည့် နေရာတစ်ခုဖြစ်အောင်   ရည်ရွယ်   ဆောင်ရွက်ခြင်းဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခမ်းအနားတွင်ပြောကြားခဲ့ပါတယ်။

ယခုအခမ်းအနားကို နှစ်သစ်ကူးအခါသမယတွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထူးခြားသည့်အခမ်းအနား တစ်ခုဖြစ် ကြောင်း၊ ဘာသာပေါင်းစုံနှင့် ပတ်သက်ပြီး မေတ္တာလက်ဆောင်တစ်ခုပေးချင်သဖြင့် ယခုအခမ်းအနားကို ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေ သည့် ပဋိပက္ခများမှာ နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်း ခြင်းမရှိဘဲ ပြည်ပမှနိုင်ငံရေးအရသွေးထိုးလှုံ့ဆော်မှု၊ တိုင်းရင်းသားရေးအရ သွေးထိုးလှုံ့ဆော်မှုနှင့် ဘာသာရေးအရ သွေးထိုးလှုံဆော်မှုများကြောင့် အကြမ်းဖက်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လာခြင်းဖြစ်တယ်လို့ ဗိုလ်ချုပ်မှူး ကြီးက လက်ရှိနိုင်ငံရေးအခြေအနေများကိုသုံးသပ်ပြခဲ့ပါတယ်။

ယင်းပဋိပက္ခများချုပ်ငြိမ်းစေရေးအတွက် ပြည်သူပြည်သားတိုင်းသက်ဆိုင်ရာ ဘာသာတရားများအလိုက် ဘာသာ ရေးအသိများရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လူများ၏အသိများကို ပြုပြင်နိုင်သည်မှာ ဘာသာ ရေးအသိပင်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းသွားပါတယ်။

ထို့နောက် ဘာသာရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များကလည်း ကိုးကွယ်မှု ဘာသာတရားများ မတူကွဲပြား လျက်ရှိသော်လည်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေး၊ ဘာသာဝင်များအားလုံးငြိမ်းချမ်းစွာ .. အတူယှဉ်တွဲနေထိုင်ရေးတို့တွင် တစ်စိတ်တည်း၊ တစ်ဝမ်းတည်းရှိနေရမည်မှာ အမှန်တရားပင်ဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ယခုကဲ့သို့ ပြည်ထောင်စုနယ်မြေနေပြည်တော်တွင် မိမိတို့ဘာသာရေးအသင်းအဖွဲ့များ အတွက် မြေနေရာများ ပေးအပ်ချီးမြှင့်ခြင်းကြောင့် မတူကွဲပြားသော ဘာသာဝင်များ အားလုံး အတူယှဉ်တွဲကိုးကွယ်နိုင်ရေးအတွက် စည်းလုံးညီညွတ်ခြင်းပြယုဂ်ဖြစ်သော ဘာသာရေး အဆောက်အဦများတစ်စုတစ်ဝေးတည်းပေါ်ပေါက်လာတော့ မည်ဖြစ်သဖြင့် နစက ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတွေကို အထူးကျေးဇူးတင်ရှိကြောင်းလည်း အဆိုပါကိုယ်စားလှယ်များ က ဆက်လက်ပြောကြားခဲ့ကြပါတယ်။

အခမ်းအနားသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပြည် ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော် အရာ ရှိကြီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ နေပြည်တော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ခရစ်ယာန်  ဘာသာရေးအသင်းအဖွဲ့များ၊ အစ္စလာမ်ဘာသာ ရေးအသင်းအဖွဲ့များ၊ ဟိန္ဒူ ဘာသာရေးအသင်းအဖွဲ့များမှ ဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

@ymg/knl