၁၁ စက်တင်ဘာ ၂၀၂၃

ရုရှားနိုင်ငံမှ ရေနံထုတ်ကုန်များ ဝယ်ယူရာတွင် တရုတ်ယွမ်ငွေဖြင့်ပေးချေနေတယ်လို့ မြန်မာနစက ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာကံဇော်ကပြောကြားလိုက်တယ်လို့ Sputnik သတင်းအေဂျင်စီက သတင်းရေးသားပါတယ်။ 

မြန်မာနှင့်ရုရှားတို့ဟာ နိုင်ငံတွေရဲ့ငွေကြေးတွေကို အပြန်အလှန်ပြောင်းလဲခြင်းအတွက်လည်း စီစဉ်နေတယ်လို့ ဒေါက်တာကံဇော်က ဆက်လက်ပြောဆိုပါတယ်။

“ ကျွန်တော်တို့ဟာ လောလောဆယ် ရူဘယ်ကိုမသုံးသေးဘဲ ယွမ်ကိုသုံးနေပါတယ်။  ဒါပေမယ့် ကျွန်တော်တို့ဟာ ကျပ်-ရူဘယ် အပြန်အလှန်ပြောင်းလဲခြင်းသဘောတူညီချက်အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။ မကြာမီမှာ လက်မှတ်ရေးထိုးဖို့ရှိနေပါတယ်လို့ ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့မှာ အရှေ့ဖျားဒေသ စီးပွားရေးဖိုရမ်တက်ရင်းရောက်ရှိနေတဲ့  ဒေါက်တာကံဇော်က Sputnik ကို ပြောပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံဟာ ရုရှားနှင့် ခရီးသွားကဏ္ဍသဘောတူညီချက်လည်း ယခုဖိုရမ်နှင့်ဆက်စပ်ပြီး မကြာမီ အပြီးသတ်လိမ့်မယ်လို့ သူမျှော်လင့်ထားတယ်လို့လည်း ဒေါက်တာကံဇော်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းက ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားထံမှ ရေနံထုတ်ကုန်များကို စတင်ဝယ်ယူနေပြီလို့ Sputnik ကိုပြောခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

(၈)ကြိမ်မြောက် အရှေ့ဖျားဒေသစီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံ ဗလက်ဒီဗိုစတော့ခ်မြို့ရဲ့ အရှေ့ဖျားဒေသ ဖက်ဒရယ်တက္ကသိုလ်ဝင်းထဲမှာ စင်တက်ဘာ ၁၀ရက်မှ ၁၃ရက်အထိကျင်းပနေပြီး မြန်မာနိုင်ငံမှ နစကဝန်ကြီးများတက်ရောက်လျက်ရှိနေတာဖြစ်ပါတယ်။