၁၀ စက်တင်ဘာ ၂၀၂၃

လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် နယ်မြေအလိုက် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရေးဆောင်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည်နယ် (မြောက်ပိုင်း)ပြည်သူ့စစ်ဌာနခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

စက်တင်ဘာ ၁၀ရက် မနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ် ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတွေ့ဆုံရာမှာ ယခုလိုတိုက်တွန်း ခဲ့ခြင်းဖြစ်တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

တည်ငြိမ်အေးချမ်းမှုရှိမှသာလျင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ပြန် လည်ကျင်းပနိုင်ရေးအတွက် မဲစာရင်းများကောက်ယူခြင်း လုပ်ငန်းများကို ဆောင် ရွက် နိုင်မှာဖြစ်တယ်လို့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆက်လက်ပြောဆို ပါတယ်။

ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များသည် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့၏ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရေး ဆောင်ရွက် နေသည့်အဖွဲ့များဖြစ်သည့်အတွက် လေးစားအသိအမှတ်ပြုတယ်လို့လည်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတော်ကို လုံခြုံရေးအရ အင်အားဖြည့် ပေးနေ သည့် အင်အားစုတစ်ရပ်ပင်ဖြစ်ပြီး နိုင်ငံချစ်စိတ်ဖြင့် နယ်မြေတည်ငြိမ်အေးချမ်း အောင်  တာဝန်သိစိတ်ဖြင့်တာဝန်ထမ်းဆောင်နေကြသူတွေဖြစ်တယ်လို့လည်းဗိုလ်ချူပ်မှူးကြီး က ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆို လျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှု အားနည်းနေကြတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ထောက်ပြပြောဆိုခဲ့ပြီး ဒေသကိုအခြေခံ သည့် ဖက်ဒရယ်စနစ်သည်သာလျင် မြန်မာနိုင်ငံနှင့်အသင့်တော်ဆုံး ဖြစ်တယ်လို့လည်း ဆက်လက်ပြောဆိုပါတယ်။

အဲဒီ့အပြင်ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များ အနေ ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာ နိုင်ရေး ဝိုင်းဝန်းတိုက်တွန်း ဆောင်ရွက်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးက တိုက်တွန်းခဲ့ တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒေသခံပြည်သူ့စစ်ခေါင်းဆောင်များကလည်း ဒေသတွင်း၌ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အချို့ ဒေသခံများအနေဖြင့် ဒေသ စွန့်ခွာတိမ်းရှောင်နေရသည့်အခြေအနေများ၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ  ရေးအတွက် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ရေး နိုင်ငံတော်မှ ပံ့ပိုးကူညီပေးဖို့၊  ဒေသ ထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် လွယ်ကူချောမွေ့ စေရေး ကူညီဆောင် ရွက်ပေးဖို့၊မုန်းဝန်းဗမာတိုင်းရင်းသားများ‌ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် နှင့်တပ်မတော်မှဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှုစတဲ့အခြေအနေတွေကို တင်ပြခဲ့ ကြရာ ဗိုလ်ချူပ်မှူးကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲသို့ နယ်ခြားစောင့်တပ်ဖွဲ့ ကြီးကြပ်ရေးခေါင်းဆောင် ဗိုလ်မှူးကြီး ဝေဆန်း (အငြိမ်းစား)၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ခေါင်းဆောင် ဦးအိုက်ဆမ်၊ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်၊ မန်ပန် ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းမွန်း၊ စိန်ကြော့ ပြည်သူ့ စစ်ခေါင်း ဆောင် ဦးလွယ်မောင်၊ မုံးစီးပြည်သူ့ စစ်ခေါင်းဆောင် ဦးစိုင်းမွန်းနှင့် ထင်ပါကျိုင်းပြည်သူ့စစ် ခေါင်းဆောင် ဦးခင်မောင်လွင်တို့တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်(၁) စိုက်ပျိုး မွေးမြူရေးစခန်း သို့လည်းသွားရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရှိရပါတယ်။

ထို့အပြင် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော်ကြီး အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာကမ္မဌာနာစရိယ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ အား သွားရောက်ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်းသိရှိရပါတယ်။

-ymg/knl