၃ စက်တင်ဘာ ၂၀၂၃

နှစ်ပေါင်း သုံးဆယ်နီးပါး တိုက်ရိုက်လေကြောင်းပျံသန်းမှုများ ရပ်တန့်ခဲ့ပြီးနောက် မြန်မာနှင့်ရုရှား အကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုကို လာမယ့် အင်္ဂါနေ့မှာ စတင်တော့မယ်လို့ ရုရှား TASSသတင်းဌာနက သတင်းရေးသားခဲ့ပါတယ်။

ရုရှားနိုင်ငံ လေကြောင်းပျံသန်းရေးဖက်ဒရယ်အေဂျင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားတဲ့ အဆိုပါသတင်းမှာ အေဂျင်စီဟာ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း MAIကို မန္တလေး- နိုဗောင်းဆီဘစ်-မန္တလေး ခရီးစဉ်ပျံသန်းဖို့ခွင့်ပြုလိုက်တယ်လို့ဖော်ပြထားပါတယ်။

“ အဆိုပါခရီးစဉ်ကို မြန်မာနိုင်ငံတကာလေကြောင်းလိုင်းဟာ စက်တင်ဘာ ၅ ရက်နေ့ကစပြီး ပျံသန်းပြေးဆွဲပေးမှာဖြစ်ပါတယ်။ A319 အမျိုးအစားလေယာဉ်နှင့် တစ်ပတ်ကိုနှစ်ကြိမ်ပျံသန်းမှာ ဖြစ်ပါတယ်” လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

၁၉၆၂ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ရုရှားရဲ့ အေရိုဖလုပ် Aeroflot လေကြောင်းလိုင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ရန်ကုန်ကို ပျံသန်းပြေးဆွဲပေးခဲ့ပါတယ်။ MAI ဟာ နိုဗောင်းဆီဘစ်နှင့် မန္တလေးကို စက်တင်ဘာ ၅ရက်မှစတင်ပျံသန်းပြေးဆွဲပါမယ်။ ခရီးစဉ်ဟာ တစ်ပတ်ကို အင်္ဂါနေ့နှင့် စနေနေ့တိုင်း နှစ်ကြိမ်ပျံသန်းပေးမှာဖြစ်ပြီး လေယာဉ်ခမှာ လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာ ဖြစ်ပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဆိုပါတယ်။

လေယာဉ်ဟာ အင်္ဂါနှင့် စနေနေ့တိုင်းမှာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှ မွန်းလွဲ ၂း၀၅ နာရီတွင် ထွက်ခွာပြီး မန္တလေး တံတားဦးနိုင်ငံတကာ လေဆိပ်ကို ညနေ ၃း၁၀ နာရီတွင် ဆိုက်ရောက်  မှာဖြစ်ပါတယ်။ အဲဒီကမှ  ညနေ ၄း၁၀ နာရီတွင်ထွက်ခွာပြီးနောက် ရုရှားနိုင်ငံ နိုဗောင်းဆီဘစ် လေဆိပ်ကို ဒေသစံတော်ချိန် ည ၁၁း၁၀တွင်ဆိုက်ရောက်မှာဖြစ်ပါတယ်။

အပြန်ခရီးစဉ်မှာ နိုဗောင်းဆီဗစ်မှ ညသန်းခေါင် ၁၂း၁၀ နာရီတွင်ထွက်ခွာပြီး မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မနက် ၅း၅၅ နာရီတွင်ဆိုက်ရောက်ပါလိမ့်မယ်။ မန္တလေးတံတားဦး လေဆိပ်မှ မနက် ၆း၃၅ နာရီတွင်ထပ်မံထွက်ခွာ၍ ရန်ကုန်နိုင်ငံတကာလေဆိပ်သို့ မနက် ၇း၄၀ နာရီတွင် ဆိုက်ရောက်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။