မိတ္ထီလာမြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်တစ်ရပ်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ယနေ့လက်မှတ်ထိုး ထုတ်ပြန်လိုက်တယ်လို့ သတင်းရရှိပါတယ်။
 
“ယခုအခါမိတ္ထီလာမြို့နယ်၊ နယ်နမိတ်အတွင်း လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ပြုမူဆောင်ရွက်နေကြောင်းတွေ့ရှိရပါသည်” လို့ အမိန့်ထုတ်ပြန် ချက်မှာဖော်ပြပါရှိပါတယ်။
 
===========
အဲသလိုပြုမူဆောင်ရွက်နေတာဟာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်တယ်လို့ ယုံကြည်ယူဆရလို့ ဒီအမိန့်ကိုထုတ်တာလို့ ဆိုပါတယ်။ ဒီအမိန့်အရ မိတ္ထီလာမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်းနှင့် ရုန်းရင်းဆန်ခတ်မှုတွေကို မပြုလုပ်ဖို့ တားမြစ်လိုက်တယ်လို့ အမိန့်မှာဖော်ပြပါရှိပါတယ်။
 
===========
ထို့အပြင်လူ(၅)ဦး သို့မဟုတ် (၅)ဦး ထက်ပိုသောသူတွေ မြို့နယ်အတွင်းက လမ်းမကြီးတွေ၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်းမပြုလုပ်ဖို့နှင့် ည(၈)နာရီမှ မနက်(၄)နာရီအထိ ညမထွက်ရအမိန့်ကိုပါ ထပ်ဆင့်ထုတ်လိုက်တာဖြစ်ပါတယ်။ ဒီအမိန့်ဟာ မနက်ဖန် ၁၄-၆-၂၀၂၁ ကနေ စတင်အသက်ဝင်မှာဖြစ်ပြီး ၁၃-၈-၂၀၂၁ ရက်အထိ(၂)လကြာ အကျုံးဝင်မှာ ဖြစ်ကြောင်းသိရပါတယ်။