#WorldMilitary
Published - 02 April 2022


အမေရိကန်အစိုးရအဖွဲ့နဲ့ မဟာမိတ်အဖွဲ့များပူးပေါင်းကာ ယူကရိန်းအရှေ့ပိုင်းဒွန်ဘက်စ်ဒေသသို့ ဆိုဗီယက်ထုတ်တင့်ကားများပေးပို့ကူညီသွားမှာဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက သောကြာနေ့မှာပြောကြားလိုက်ပါတယ်။

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က စစ်ရေးအကူအညီတောင်းဆိုခဲ့ရာမှာ ယူကရိန်းတပ်ဖွဲ့များမောင်းနှင်နိုင်တဲ့ ဆိုဗီယက်ထုတ်တင့်ကားများကို အမေရိကန်တို့က ပို့ဆောင်ကူညီသွားမယ်လို့ အကြောင်းပြန်ခဲ့တာဖြစ်ပြီး ဒါဟာ ယခုစစ်ပွဲအတွင်း အမေရိကန်တို့ကတင့်ကားများဖြင့် ပထမဆုံးအကြိမ်ကူညီထောက်ပံ့တာဖြစ်ပါတယ်။

တင့်ကားများကို မကြာခင်လွှဲပြောင်းပေးသွားမှာဖြစ်ပြီး ပို့ဆောင်မယ့်တင့်ကားအရေအတွက်နဲ့ ပေးပို့မယ့်နိုင်ငံတွေကိုတော့ မဖော်ပြထားပါဘူး။
အဆိုပါလက်နက်တင့်ကားများဖြင့် ဒွန်ဘက်စ်ဒေသမှာရှိတဲ့ရုရှားတပ်ဖွဲ့တွေကို အဝေးကနေပစ်ခတ်သွားနိုင်မှာဖြစ်ပါတယ်။

စစ်ပွဲဖြစ်ပွားတာ အချိန် ၅ ပတ်မျှကြာမြင့်နေပြီဖြစ်ပြီး အခုလိုတင့်ကားများရောက်ရှိလာတော့မယ့်အခြေအနေက စစ်ပွဲပြင်းထန်မှုတိုးများလာဖွယ်ရှိနေပါတယ်။
ရုရှားတို့က မြေပြင်နဲ့လေကြောင်းတွေကနေ ယူကရိန်းမြို့တွေကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက ရုရှားကျောထောက်နောက်ခံပြုခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်ဖွဲတွေ စဉ်ဆက်မပြတ်တိုက်ခိုက်နေခဲ့တဲ့ ယူကရိန်းအရှေ့ဘက်ခြမ်းကို ရုရှားတိုအာရုံပြန်စိုက်လာပြီဖြစ်ကြောင်း ရုရှားအရာရှိများပြောကြားခဲ့ပါတယ်။

သမ္မတ'ဇယ်လန်စကီ'က နေတိုး(NATO)အဖွဲ့ထံမှ တင့်ကားများနဲ့လေယာဉ်များပေးပို့ဖို့ တောင်းဆိုထားတဲ့အပြင် တင့်ကားဖျက်လက်နက်များနဲ့ ဝေဟင်ပစ်လက်နက်များကိုပါ ပေးပို့ဖို့တောင်းဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ယူကရိန်းထိပ်သီးအရာရှိများ ပိုလန်မှာတွေ့ဆုံဆွေးနွေးကြပြီးနောက်တစ်နေ့မှာ 'ဇယ်လန်စကီ'က တင့်ကားထောက်ပံ့ပေးဖို့ အထူးတလည်တောင်းဆိုခဲ့ပြီး လက်နက်ထောက်ပံ့လွှဲပြောင်းခြင်းအချိန်ကြာနေတယ်လို့ ယူဆနေပါတယ်။

"လက်နက်ထောက်ပံ့ဖို့ကို တစ်ယောက်နဲ့တစ်ယောက်လွှဲချနေကြပါတယ်။ တိုက်လေယာဉ်နဲ့တင့်ကားလွှဲပေးဖို့ကို ၃၁ ရက်လောက်အချိန်ယူပြီး စဉ်းစားနေကြပါတယ်" လို့ 'ဇယ်လန်စကီ'က အနောက်နိုင်ငံကိုဒေါသတကြီးဝေဖန်ခဲ့ပါတယ်။

အရင်ကလည်း ယူကရိန်းကာကွယ်ရေးအတွက် လက်နက်များထောက်ပံ့ဖို့တောင်းဆိုရာမှာ လက်နက်ငယ်လေးတွေပေးပို့ဖို့ ကိုသာ အာရုံစိုက်နေကြတာကြောင့် အမေရိကန်အစိုးရအဖွဲ့ကို ဝေဖန်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့စစ်ပွဲပိုမိုပြင်းထန်လာတဲ့အချိန်မှာ ကာကွယ်ရေးအပိုင်းမှာလည်း လက်နက်အင်အားပိုမိုလိုအပ်လာခဲ့ပါတယ်။ ယူကရိန်းက စစ်မြေပြင်အတွင်း ရုရှားတို့ ထံကနေ အနည်းဆုံးတင့်ကား ၁၆၁ စီးရရှိခဲ့ပြီး ရုရှားတို့ကလည်း ယူကရိန်းတင့်ကားအချို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စစ်ရေးသုံးသပ်မှုတွေမှာဖော်ပြထားပါတယ်။

ရုရှားတို့တိုက်ခိုက်လာမှုကို ယူကရိန်းစစ်တပ်မှဆက်လက်ကာကွယ်တွန်းလှန်နေတဲ့အချိန်မှာပဲ တင့်ကားတွေရောက်ရှိလာတော့မှာဖြစ်ပါတယ်။
ရုရှားတပ်ဖွဲ့များက ယူကရိန်းနိုင်ငံအလယ်ပိုင်းကနေ ဆက်လက်မကျူးကျော်နိုင်ဘဲရှိနေတဲ့အပြင် မြို့တော်ကိဗ်ကိုလည်း သိမ်းပိုက်ဖို့ အခြေအနေမဟန်တာကြောင့် ဒွန်ဘက်စ်ဒေသမှာ ရုရှားတို့အခြေချလာနိုင်ကြောင်း ပန်တဂွန်မှအရာရှိများက အလျင်အမြန်ရိပ်မိခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့က သမ္မတ'ဂျိုးဘိုင်ဒန်'ပြောကြားရာမှာ အမေရိကန်ထောက်လှမ်းရေးသတင်းများအရ ယူကရိန်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့ကိစ္စအခြေအနေနဲ့ပတ်သက်ပြီး ရုရှားသမ္မတ'ပူတင်'ကို သူ့ရဲ့အကြံပေးပုဂ္ဂိုလ်များ မှားယွင်းစွာသတင်းတင်ပြခဲ့ကြပြီး သမ္မတ'ပူတင်'နဲ့ ကာကွယ်ရေးဝန်ကြီးတို့ ကြား မကျေနပ်ချက်များရှိလာကြောင်း သိရှိရပါတယ်။

ရုရှားဘက်ကအရာရှိများကတော့ ဒီကိစ္စမှာ အခြေအနေနားလည်မှုလွဲမှားခဲ့သာဖြစ်ကြောင်း တုန့်ပြန်ပြောကြားသွားပါတယ်။

#Yangon_Media_Group