Published 26 February 2022

အမေရိကန်အစိုးရ က ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလင်စကီးကို တိုးဝင်လာနေတဲ့ ရုရားတပ်တွေဖမ်းမိတာ ဒါမှမဟုတ်အသတ်ခံရမှာ ရှောင်ရှားပြီး  ကိဗ်ကနေထွက်ခွာဖို့အတွက် ကူညီပေးဖို့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ အမေရိကန်နှင့် ယူကရိန်းအရာရှိတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာကြီးက သတင်းရေးသားလိုက်ပါတယ်။ ယခုအထိတော့ ယူကရိန်းသမ္မတက ထွက်ခွာဖို့ ငြင်းဆန်နေဆဲဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။

“ ကျွန်တော်တို့ရရှိထားတဲ့သတင်းအချက်အလက်တွေအရ ရန်သူတွေဟာ ကျွန်တော့်ကို ပစ်မှတ်(၁)၊ကျွန်တော့်မိသားစုကို ပစ်မှတ်(၂)အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်”လို့ သမ္မတဇီလင်စကီးက နံနက်စောစော မိန့်ခွန်းမှာ ယူကရိန်းပြည်သူတွေကို ပြောကြားထားပါတယ်။ သူတို့ဟာ နိုင်ငံ့ခေါင်းဆောင်ကို ဖျက်ဆီးပစ်ပြီး ယူကရိန်းကို နိုင်ငံရေးအရ ဖျက်ဆီးလိုနေကြတယ်လို့လည်း သူကပြောပါတယ်။

ရက်သတ္တပတ်များစွာမှာ ဇီလင်စကီးဟာ အမေရိကန်အရာရှိတွေထံမှ ဒီသတင်းပေးချက်တွေရရှိနေခဲ့တာဖြစ်ပါတယ်။

စီအို်အေညွှန်ကြားရေးမှူး ဝီလီယံဂျေဘန်းစ်က ဇန်နဝါရီလတုန်းက ယူကရိန်းကို သွားခဲ့ပြီး ဇီလင်စကီးနှင့်တွေ့ဆုံခဲ့ကာ ရုရှားတွေ သူ့နိုင်ငံကိုခြိမ်းခြောက်မှုကြီးထွားလာနေတာကို ပြောခဲ့ပါတယ်။ အဲဒီအခါ ယူကရိန်းသမ္မတက သူနှင့်သူ့မိသားစုတွေ ပုဂ္ဂိုလ်ရေးအရ အန္တရာယ်ရှိနေသလားလို့ မေးခဲ့ပါတယ်လို့ ဇီလင်စကီးရဲ့ လက်ထောက်တစ်ဦးက ဝါရှင်တန်ပို့စ်ကိုပြောပါတယ်။ ရုရှားတွေက သူ့ကိုသတ်ဖို့ကြိုးစားနေတယ်ဆိုတဲ့အပေါ်မှာတော့ သူက အယုံအကြည်မရှိခဲ့ဘူးလို့လည်း အဆိုပါ လက်ထောက်ကပြောပါတယ်။

ဘန်းက အဲဒီတုန်းက တိကျတဲ့သတင်းအချက်အလက်တွေကိုတော့ မပေးခဲ့ဘဲ ဇီလင်စကီးအနေနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အရေးတကြီးလုပ်ဆောင်ဖို့လိုတယ်လို့ပဲ ပြောခဲ့တယ်လို့ သူကပြောပါတယ်။

အဲဒီအချက်အပေါ် စီအိုင်အေကို ဝါရှင်တန်ပို့စ်က မေးခဲ့ပေးမယ့် မှတ်ချက်ပေးဖို့စီအိုင်အေက  ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်အရာရှိတွေဟာ ဇီလင်စကီးကို လုံခြုံရေးကိစ္စများစွာကို ပြောခဲ့ရာမှာ အဝေးရောက်ယူကရိန်းအစိုးရကိုဆက်ရှိနေဖို့ သမ္မတကို အလုံခြုံဆုံးနေရာကိုထားရှိပေးဖို့လည်းပါဝင်တယ်လို့ ဆိုကြောင်း ဝါရှင်တန်ပို့စ်ကို ကိုးကားပြီး RT သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။

Source:Washington Post/RT