#WorldPolitics
Published - 10 February 2022


ကြာသပတေးနေ့က တိုက်ခိုက်ရေးသမားတွေဟာ လစ်ဗျားဝန်ကြီးချုပ်'အက်ဘ်ဒူဟာမစ်အယ်လ်ဒီဘီဘာ'ရဲ့ကားကို သေနတ်နဲ့ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘဲ လွတ်မြောက်သွားခဲ့ကြောင်း ဝန်ကြီးချုပ်နဲ့နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

လစ်ဗျားနိုင်ငံမှာ အစိုးရအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အဖွဲ့ဂိုဏ်းတွေကြား ပဋိပက္ခတွေပြင်းထန်နေတာဖြစ်ပါတယ်။'ဒီဘီဘာ'အိမ်ပြန်နေစဉ်မှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာသေချာကြောင်း၊ တိုက်ခိုက်တဲ့လူတွေက ထွက်ပြေးသွားခဲ့ပြီး ဒီအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးဖို့ မှာကြားထားကြောင်း ဝန်ကြီးချုပ်နဲ့နီးစပ်သူက ပြောခဲ့ပါတယ်။

ရိုက်တာသတင်းဌာနအနေနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဓာတ်ပုံအထောက်အထားတွေ မှတ်တမ်းမတင်နိုင်ခဲ့ကြောင်း၊ မျက်မြင်သက်သေတွေနဲ့လည်း မေးမြန်းခြင်းမပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။

ဝန်ကြီးချုပ်'ဒီဘီဘာ'က သူ့နေရာမှာအစားထိုးဖို့ အရှေ့ပိုင်းအခြေစိုက်ပါလီမန်ရဲ့မဲဆန္ဒကို ဥပက္ခာပြုသွားမယ်လို့ ကြာသပတေးနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ရာ 'ဒီဘီဘာ'ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုက လစ်ဗျားနိုင်ငံရဲ့ပဋိပက္ခတွေကို ပိုဆိုးရွားလာစေနိုင်တယ်လို့ ယူဆလို့ရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေနဲ့ လက်နက်ကိရိယာတွေ စုဆောင်းနေကြတာကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်လာရပါတယ်။

၂၀၁၁ ခုနှစ်က နေတိုး(NATO)တပ်ဖွဲ့အကူအညီနဲ့ 'ဂဒါဖီ'ကို ပုန်ကန်တော်လှန်ခဲ့ပြီးကတည်းက လစ်ဗျားမှာ မတည်မငြိမ်ဖြစ်နေခဲ့ရကာ ၂၀၁၄ ခုနှစ်မှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းအဖွဲ့ဆိုပြီး ဂိုဏ်းကွဲသွားခဲ့ပါတယ်။

ကုလသမဂ္ဂမှထောက်ခံမှုနဲ့အတူ တိုင်းပြည်အတွင်းပြိုကွဲမှုတွေကို စည်းလုံးညီညွတ်စေရန်ရည်ရွယ်ချက်နဲ့ 'ဒီဘီဘာ'ကို အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် မတ်လကခန့်အပ်ခဲ့ပြီး တည်ငြိမ်အေးချမ်းရေးဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီဇင်ဘာလရွေးကောက်ပွဲကို ကြီးကြပ်ဆောင်ရွက်ရတာဖြစ်ပါတယ်။

အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေတွေကြား အငြင်းပွားမှုများရှိခဲ့ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ် ပြိုလဲပျက်စီးပြီးနောက် အတိုက်အခံပြိုင်ဘက်အဖွဲ့တွေက ရာထူးနေရာရဖို့ အကြိတ်အနယ်ဝင်ရောက်လာခဲ့ပါတယ်။

ပြည်တွင်းစစ်အတွင်း အရှေ့ပိုင်းအဖွဲ့တွေကို အများစုထောက်ခံကူညီခဲ့တဲ့ ပါလီမန်လွှတ်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရကို အသိအမှတ်မပြုကြောင်း၊ ဝန်ကြီးချုပ်အသစ်ခန့်အပ်ပြီး အစိုးရအသစ်ကိုဖွဲ့စည်းဖို့ ကြာသပတေးနေ့မှာ မဲဆန္ဒကောက်ခံသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

'ဒီဘီဘာ'က ယခုအပတ်အတွင်း မိန့်ခွန်းပြောကြားခဲ့ရာမှာ ရွေးကောက်ပွဲပြုလုပ်ပြီးမှာ အာဏာလွှဲပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကုလမှလစ်ဗျားအကြံပေးပုဂ္ဂိုလ်နဲ့ အနောက်နိုင်ငံတွေကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရကို ဆက်လက်အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပါလီမန်နဲ့ အခြားနိုင်ငံရေးအဖွဲ့အစည်းက နိုင်ငံရဲ့ယာယီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုက်ပြီး ယခုနှစ်အတွင်း ဘာရွေးကောက်ပွဲမှမပြုလုပ်ဘူးလို့ ပြောကြားခဲ့ရာ မဲဆန္ဒပေးဖို့စာရင်းပေးထားတဲ့ လစ်ဗျားပြည်သူတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

'ဒီဘီဘာ'ရဲ့စည်းလုံးညီညွတ်ရေးအစိုးရအုပ်ချုပ်မှုမတိုင်ခင်က လစ်ဗျားနိုင်ငံကို မြို့အသီးသီးကနေ အပြိုင်အုပ်ချုပ်ဖို့ကြိုးပမ်းခဲ့တဲ့အခြေအနေ ဖြစ်ပေါ်ခဲ့ရာ ဝန်ကြီးချုပ်အသစ်ခန့်အပ်လိုက်ပါက အဆိုပါအခြေအနေသို ပြန်လည်ရောက်ရှိသွားနိုင်ပါတယ်။

ဒါပေမဲ့လည်း ချက်ချင်းကြီးတော့ ပြည်တွင်းစစ်အသွင်ဖြစ်လာဦးမှာ မဟုတ်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။
Source: Reuters