၁၂ မတ် ၂၀၂၄

ဘန်ကောက်, မတ် ၁၂ (ရိုက်တာ)- ထိုင်းနိုင်ငံရဲ့ အတိုက်အခံ ရှေ့သို့ချီပါတီ Move Forward party ကို ဖျက်သိမ်းပစ်ဖို့ တရားရုံး ကို တောင်းဆိုမယ်လို့ ထိုင်းရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့မှာပြောကြားပါတယ်။ နိုင်ငံရဲ အုပ်ချုပ်ရေးစနစ်ကို အဟန့် အတားလုပ်ကာ ဘုရင်စနစ်ကို စော်ကားမှုကိုဆန့်ကျင်တဲ့ ဥပဒေကို ပြင်ဖို့ ပါတီရဲ့ လှုံ့ဆော်စည်းရုံးမှုတွေအပေါ် စိုးရိမ်ပူပန်မှု ကြောင့် ဖြစ်ပါတယ်။

ဇန်နဝါရီလတုန်းက ထိုင်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက အဆိုပါပါတီဟာ ဘုရင်စနစ်ကိုစော်ကားသူတွေအပေါ် အရေး  ယူတဲ့ ဥပဒေကို ပြင်ဆင်ဖို့ စီစဉ်ဆောင်ရွက်တာဟာ အခြေခံဥပဒေကိုဖောက်ဖျက်ကျူးလွန်တာဖြစ်တယ်လို့ အမိန့်ချခဲ့ပြီး   နောက် ယခု လိုရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာတာပါ။

ပါတီရဲ့ အဆိုပြုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၁၂ ပြင်ဆင်ချက်ဟာ ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံဘုရင်စနစ်ကိုဖျက်ဆီးပစ်ဖို့ ကြိုးစားတာဖြစ်ကြောင်းတွေ့ရှိရတယ်လို့ အခြေခံဥပဒေခုံရုံးက အမိန့်ချခဲ့တာပါ။

“ ဒါဟာ ဘုရင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ထားရှိတဲ့ ဒီမိုကရက်စီစနစ်ကို Move Forward party ပါတီက အနှောက်အယှက်   ပြုတဲ့  အထောက်အထားပဲဖြစ်တယ်” လို့ အင်္ဂါနေ့(မတ်၁၂)မှာ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

“ ရွေးကောက်ပွဲကော်မရှင်ဟာ အခြေခံဥပဒေတရားရုံးရဲ့ စီရင်ချက်ကို သုံးသပ်လေ့လာစဉ်းစားပြီးတဲ့နောက် Move Forward party ပါတီကို ဖျက်သိမ်းပေးဖို့ အခြေခံဥပဒေတရားရုံးကို တောင်းဆိုဖို့ ကန့်ကွက်သူမရှိ ဆုံးဖြတ်ခဲ့ကြပါတယ်” လို့ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

တကယ်လို့သာ ပါတီဖျက်သိမ်းခံရရင် ပါတီရဲ့ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအလုပ်တွေကနေ ၁၀နှစ်တိတိ အပိတ်ခံရမှာ ဖြစ်ပါတယ်။

Move Forward ပါတီကတော့ သူတို့ဟာ စည်းမျဉ်းခံဘုရင်စနစ်ကိုပိုမိုအားကောင်းလာဖို့နှင့် ဥပဒေကို အလွဲသုံးစားလုပ်တာ   တွေ တားဆီးပေးဖို့ပဲ ရည်ရွယ်တာဖြစ်တယ်လို့စောဒကတက်ထားပါတယ်။

“ ကျွန်တော်တို့အနေနှင့် ဘုရင်က နိုင်ငံ့ခေါင်းဆောင်အဖြစ်ရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖြိုလှဲပစ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး” လို့ အဲဒီ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ပါရစ် ဝါချာရာဆင်ဒူက ရိုက်တာသတင်းဌာနကိုပြောပါတယ်။

“ ကျွန်တော်တို့ရဲ့ရိုးသားမှုကို တရားရုံးမှာ ပြသမှာပါ” လို့သူကဆက်ပြောပါတယ်။

Move Forward ပါတီက အမွေဆက်ခံယူခဲ့တဲ့ ယင်းအရင်ပါတီဖြစ်တဲ့ Future Forward ဟာ အလားတူမူဝါဒတွေရှိခဲ့ပြီး ပါတီ ရန်ပုံငွေစည်းမျဉ်းဖောက်ဖျက်မှုနှင့် ၂၀၂၀ပြည့်နှစ်မှာ ဖျက်သိမ်းခံခဲ့ရပါတယ်။

Source: Bangkok Post

@ymg/knl