၁၂ မတ် ၂၀၂၄

ဝါရှင်တန်, မတ် ၁၁ (ရိုက်တာ)- အမေရိကန်နိုင်ငံသည် အင်အားကြီးနိုင်ငံယှဉ်ပြိုင်မှု၊နိင်ငံဖြတ်ကျော်စိန်ခေါ်မှုများနှင့် ဒေသ ဆိုင်ရာပဋိပက္ခများကြောင့် ပို၍ပို၍ကျိုးပျက်လွယ်လာသည့် ကမ္ဘာ့အစီအစဉ်နှင့် ရင်ဆိုင်နေရကြောင်း အမေရိကန် ထောက်  လှမ်းရေးအေဂျင်စီတွေက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။  အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေက ကွန်ဂရက် သို့    တင်ပြသည့် အစီရင်ခံစာထဲမှာ ယင်းကိုဖော်ပြထားခြင်းဖြစ်ပါတယ်။

“ ရည်မှန်းချက်ကြီးပေမယ့် စိုးရိမ်တကြီးဖြစ်နေတဲ့တရုတ်၊ ထိပ်တိုက်ရင်ဆိုင်နေတဲ့ရုရှားနှင့်  အီရန်လို့အချို့သော ဒေသဆိုင်ရာ အင်အားကြီးတွေနှင့် ပိုပြီးစွမ်းဆောင်နိုင်ကြတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ နှစ်ရှည်လများအုပ်ချုပ်လာတဲ့ နိုင်ငံတကာ စနစ်ကိုရော အဲဒီစနစ်အတွင်းက အမေရိကန်ရဲ့ အဓိကကျနေမှုကိုရော စိန်ခေါ်နေကြတယ်” လို့  အဆိုပါအေဂျင်စီ များရဲ့ ၂၀၂၄ခုနှစ် နှစ်ပတ်လည် ခြိမ်းခြောက်မှုအကဲဖြတ်အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ အမေရိကန်ရဲ့ အကြီးမာဆုံးပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နှင့်ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ကျယ်ပြန့် စွာ အာရုံစိုက်ထားပါတယ်။ ယင်းအပြင် ရုရှားက ယူကရိန်းကို ကျူးကျော်မှုစတင်အပြီး (၂)နှစ်ကျော်ကြာ အခြေအနေ၊ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုစကတည်းက ဂါဇာတွင် အစ္စရေးရဲ့ ဟားမာ့းစ်တို့အပေါ် စစ်ဆင်နေမှုနှင့်ဆက်စပ်လာတဲ့ ကျယ်ပြန့်တဲ့ ပဋိပက္ခတွေရဲ့ အန္တရာယ်တွေကိုလည်း အစီရင်ခံစာမှာ အလေးပေးဖော်ပြထားပါတယ်။

ရုရှားက ယူကရိန်းမှာစစ်ပွဲဆင်နွှဲတဲ့အခါ တရုတ်နိုင်ငံဟာ ရုရှားရဲ့ စက်မှုအခြေစိုက်လုပ်ငန်းတွေကို ထောက်ခံအားပေးခြင်းဖြင့် ရုရှားကို စီးပွားရေးနှင့်လုံခြုံရေးဆိုင်ရာ အကူအညီတွေပေးနေတယ်လို့လည်း အစီရင်ခံစာကဆိုပါတယ်။အဲဒီအပြင် တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ယခုနှစ်ရွေးကောက်ပွဲအပေါ် လွှမ်းမိုးဖို့ကြိုးစားတဲ့အနေနှင့် နည်းပညာတွေသုံးလာနိုင်တယ် လို့လည်း အစီရင်ခံစာက သတိပေးထားပါတယ်။

“ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲကို တရုတ်က အဆင့်တစ်ခုအထိ လွှမ်းမိုးဖို့ကြိုးစားကောင်းကြိုးစားနိုင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရုတ်ဟာ တရုတ်ဝေဖန်သူတွေကို ဘေးပို့ပြီး အမေရိကန်ရဲ့ လူမှုအကွဲအပြဲတွေကို ပုံကြီးချဲ့လိုတဲ့ ဆန္ဒရှိနေတယ်” လို့ အစီရင်ခံစာကရေးသားပါတယ်။

ဆီးနိတ်ရဲ့ ထောက်လှမ်းရေးကော်မတီကို တင်သွင်းတဲ့ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ညွှန်ကြားရေးမှူး အက်ဗရီ ဟိန်းစ်ရဲ့ အစီရင်ခံစာမှာ အမတ်တွေအနေနှင့် ယူကရိန်းကို စစ်ရေးအကူအညီအထောက်အပံ့ပိုပေးရေးကိစ္စ အတည်ပြုပေးကြဖို့လည်း သူမက တောင်းဆိုထားပါတယ်။ အမေရိကန်ရဲ့ အကူအညီမရှိဘဲနှင့် ရုရှားဆီက ပြန်သိမ်းထားတဲ့ ယူကရိန်းနယ်မြေကို သူတို့အနေနှင့် ဘယ်လိုထိန်းထားမလဲဆိုတာ မစဉ်းစားတတ်ဘူး” လို့လည်း သူမကပြောပါတယ်။

ယူကရိန်းစစ်ပွဲစကတည်းက တရုတ်နှင့်ရုရှားအကြား ကုန်သွယ်ရေးတွေတိုးတက်လာနေတာကိုလည်း အစီရင်ခံစာက သတိပြု ရေးသားထားပါတယ်။ ၂၀၂၂ခုနှစ်ကစပြီး စစ်ရေးသုံးပစ္စည်းတွေဖြစ်နိုင်တဲ့ တရုတ်ပစ္စည်းတွေ တင်ပို့မှုဟာ သုံးဆကျော်မြင့် တက်လာတယ်လို့လည်း ဆိုပါတယ်။

စီအိုင်အေညွှန်ကြားရေးမှူး ဝီလျံဘန်းကလည်း ဟိန်းစ်လိုပဲ ပြောပါတယ်။  ယူကရိန်းကို ဆက်လက်ထောက်ခံအားပေးခြင်း ဟာ တိုင်ဝမ် ဒါမှမဟုတ် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်လို့ ရန်လိုနေတဲ့ တရုတ်ကို သတင်းစကားပါးတာမျိုးဖြစ်လိမ့် မယ်လို့ သူက ပြောပါတယ်။

“ (တရုတ်ခေါင်းဆောင်) ရှီကျင့်ဖျင်ဟာ ယူကရိန်းအနေနှင့် သတ္တရှိရှိကြံ့ကြံခံခံ ခုခံလိမ့်မယ်လို့ သူထင်မထားခဲ့ဘူး။ သူက အခု အပိုးသတ်လိုက်တယ်လို့ ကျွန်တော်တို့ အကဲဖြတ်ထားတယ်” လို့ ဘန်းကပြောပါတယ်။

ဂါဇာက အစ္စရေးနှင့် ဟားမာ့စ်တို့ရဲ့ ပဋိပက္ခဟာ ကမ္ဘာလုံးဆိုင်ရာ မလုံခြုံမှုအဖြစ် ကူးစက်သွားနိုင်တယ်လို့ ဟိန်း(စ်)က စိုးရိမ်ပူပန်နေတယ်။ “ ဂါဇာက ပဋိပက္ခဟာ ဒေသဖွံ့ဖြိုးတိုးတက်ရေးမှာ ကျယ်ပြန့်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရှုပ်ထွေးမှုရှိနေနိုင်တယ် ဆိုတဲ့ ပြယုဒ်တစ်ခုဖြစ်တယ်”

အောက်တိုဘာ ၇ရက် ဟားမာ့စ်တို့ တိုက်ခိုက်မှုပြီးကတည်းက အစ္စလမ်မစ်အုပ်စုတွေနှင့် အခြားသော နိုင်ငံခြားစစ်သွေးကြွ တွေက အမေရိကန်တွေအပေါ်ခြိမ်းခြောက်မှုတွေ တိုးလာနေတယ်လို့လည်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ခရစ်စတိုဖာ ရေး ကပြောကြားလိုက်ပါတယ်။

Source Reuters

@ymg/knl