#World_Health
Published 20 January 2023

 

လူတစ်ယောက်မှာ ဘယ်လိုဗိုက်တာမင် သတ္တုဓာတ်တွေ လိုအပ်သလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက်မတူညီပါဘူး။

 

အခုဆိုရင် မည်သည့်အဟာရဓာတ် လိုအပ်နေသလဲဆိုတာကို ဗိုက်တာမင်DNAစမ်းသပ်ပစ္စည်းဖြင့် စမ်းသပ်နိုင်ပြီဖြစ်ပါတယ်။

 

လူတွေရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှု၊ ရည်မှန်းချက်၊ မျိုးရိုးဗီဇ၊ ကျန်းမာရေးခံယူချက်တို့အပေါ် မူတည်ပြီး လိုအပ်တဲ့ဗိုက်တာမင်ဓာတ်တွေ ကွဲပြားနိုင်ကြောင်း ဟောင်ကောင်အဟာရနှင့်ကျန်းမာရေး အတိုင်ပင်ခံကုမ္ပဏီတည်ထောင်သူ 'မစ်ရှဲလောင်'က ပြောပြသွားပါတယ်။

 

ဗိုက်တာမင်ချို့တဲ့နေသလားဆိုတာကို သွေးစစ်ဆေးပြီး စမ်းသပ်နိုင်သလို လိုအပ်တဲ့အားဆေးများ ဖြည့်စွက်သောက်သုံးနိုင်ပါတယ်။

 

ဥပမာအားဖြင့် အမျိုးသမီးတွေဟာ ဓမ္မတာလာခြင်းနဲ့ ကိုယ်ဝန်ဆောင်ခြင်းတို့မှာ သံဓာတ်ဆုံးရှုံးကြတာကြောင့် အမျိုးသားတွေထက် သံဓာတ်ပိုမိုလိုအပ်ပါတယ်။

 

ယေဘုယျအားဖြင့် အပင်အခြေပြုအစားအစာများဖြစ်တဲ့ အစေ့အဆန်များ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးစားသုံးခြင်း၊ အဆီ အချို အငံလျှော့ချစားသုံးခြင်းဖြင့် လိုအပ်တဲ့အဟာရဓာတ်တွေ ရရှိစေနိုင်မှာဖြစ်ပါတယ်။

 

ခြုံကြည့်ရင် လူတွေမှာ အများဆုံးချို့တဲ့လေ့ရှိတဲ့ အဟာရဓာတ်တွေကတော့...

 

(၁) ကယ်လ်စီယမ်

 

ကယ်လ်စီယမ်ဓာတ်က သွားနဲ့အရိုးများအတွက်သာ အရေးကြီးတာမဟုတ်ဘဲ သွေးနီဥထဲမှာ ဟေမိုဂလိုဘင်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

 

ကယ်လ်စီယမ်ချို့တဲ့တဲ့အခါ အရိုးပွခြင်း၊ အရိုးကျိုးခြင်းတို့ပင် ဖြစ်စေတတ်ပါတယ်။

 

နို့ထွက်ပစ္စည်းတွေကနေ ကယ်လ်စီယမ်ရရှိနိုင်သလို ဗာဒံစေ့၊ ပန်းဂေါ်ဖီစိမ်းတို့မှာလည်း ကြွယ်ဝစွာပါဝင်ကာ နေ့စဉ်လိုအပ်တဲ့ကယ်လ်စီယမ်ပမာဏကတော့ အရွယ်ရောက်ပြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် တစ်နေ့ကို ၇၀၀ မီလီဂရမ်ဖြစ်ပါတယ်။

 

(၂) ဗိုက်တာမင်-ဒီ

 

ဗိုက်တာမင်-ဒီကို အစားအစာနဲ့ နေရောင်ခြည်ကနေ ရရှိပေမယ့် လုံလောက်ခြင်းမရှိဘဲ အထူးသဖြင့် ဆောင်းရာသီမှာ ပိုမိုလိုအပ်တတ်ပါတယ်။

 

ကြွက်သားတွေကို သန်မာအောင်ထိန်းသိမ်းပေးပြီး အရိုးတွေသန်မာစေပါတယ်။

 

ဆဲလ်ကြီးထွားမှုကို ထိန်းညှိပေးပြီး နှလုံးသွေးကြောရောဂါဖြစ်နိုင်ချေကို လျှော့ချပေးပါတယ်။

 

(၃) သံဓာတ်

 

သံဓာတ်က ခန္ဓာကိုယ်ထဲက ဖြစ်စဉ်တိုင်းလိုလိုမှာ အရေးပါတဲ့ဓာတ်ဖြစ်ပြီး သံဓာတ်ချို့တဲ့ပါက သွေးအားနည်းခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ကြွက်သားဆုံးရှုံးခြင်းတို့ ဖြစ်တတ်ပါတယ်။

 

သက်သက်လွတ်အမြဲတမ်းစားသုံးသူတွေမှာ သံဓာတ်ချို့တဲ့တတ်ကြပြီး အသားမှရရှိတဲ့သံဓာတ်ကို ခန္ဓာကိုယ်က ပိုမိုစုပ်ယူနိုင်ပါတယ်။

 

Source: South China Morning Post
#Yangon_Media_Group