#World_Politics
Published 20 January 2023

 

ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး'ဝီလီယံဘမ်းစ်'ဟာ ယူကရိန်းမြို့တော်သို့ လျှို့ဝှက်သွားရောက်ခဲ့ပြီး သမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'နဲ့ တွေ့ဆုံခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

"ညွှန်ကြားရေးမှူး'ဘမ်းစ်'က ကိဗ်မြို့သို့သွားရောက်ခဲ့ကာ ယူကရိန်းထောက်လှမ်းရေးအရာရှိများအပြင် သမ္မတ'ဇယ်လန်စကီ'နဲ့လည်း တွေ့ဆုံခဲ့ပြီး ရုရှားတိုက်ခိုက်မှုတွေကို ခုခံနေတဲ့ယူကရိန်းအတွက် ဆက်လက်ထောက်ပံ့သွားမှာဖြစ်တယ်" လို့ အဆိုပါအရာရှိက ဆိုပါတယ်။

 

ဘယ်နေ့ဘယ်အချိန်က လာသွားလဲဆိုတာကိုတော့ ပြောပြခြင်းမရှိပေမယ့် ဝါရှင်တန်ပို့စ်သတင်းစာမှာတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အကုန်မှာ သွားရောက်ခဲ့တယ်လို့ ဦးဆုံးတင်ပြခဲ့ပါတယ်။

 

ခရီးစဉ်အတွင်း 'ဘမ်းစ်'က နောက်ထပ်ဖြစ်လာနိုင်တဲ့ ရုရှားစစ်ရေးအစီအစဉ်တွေအကြောင်း ခန့်မှန်းသုံးသပ်ပြကာ အမေရိကန်မှထောက်ပံ့မှုတွေဟာလည်း တစ်ချိန်ချိန်မှာ ခက်ခဲလာနိုင်တယ်ဆိုတာကို သိရှိထားကြောင်း 'ဇယ်လန်စကီ'နဲ့ ပြောကြားခဲ့ပါတယ်။

 

အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေက အောက်လွှတ်တော်မှာ ပွတ်ကာသီကာဖြင့်အနိုင်ရခဲ့တာကြောင့် ယူကရိန်းအနေနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံများထံမှ ထောက်ပံ့မှုတွေ ဘယ်အချိန်အထိ ရရှိနိုင်မလဲဆိုတဲ့အကြောင်းကို ဇယ်လန်စကီတို့ ဆွေးနွေးခဲ့ကြပါတယ်။

 

ဆွေးနွေးပွဲပြီးနောက် ယူကရိန်းအတွက် အမေရိကန်က အခိုင်အမာထောက်ပံ့နေဦးမှာဖြစ်ကြောင်း 'ဇယ်လန်စကီ'နဲ့သူ့လက်ထောက်တွေ သိရှိခဲ့ရပါတယ်။

 

အနောက်နိုင်ငံတွေက ယူကရိန်းအတွက် ဒေါ်လာဘီလီယံချီတန်ကြေးရှိတဲ့ လက်နက်တွေထောက်ပံ့ဖို့ ကတိပြုထားပါတယ်။

 

ရုရှားတပ်တွေက ဆောင်းရာသီအတွင်း ပြန်လည်နေရာချဖို့အချိန်ရကာ တိုက်ခိုက်မှုကြီးတစ်ရပ် ပြုလုပ်လာဖွယ်ရှိသလို ယူကရိန်းကလည်း ရုရှားကျူးကျော်မှုကို တန်ပြန်တိုက်ခိုက်ဖို့ ကြိုးပမ်းနေပါတယ်။

 

ဒီဇင်ဘာတုန်းက ဇယ်လန်စကီက ဝါရှင်တန်သို့လာရောက်ပြီး လွှတ်တော်အတွင်းပြောကြားရာမှာ ယူကရိန်းကို အကူအညီပေးခြင်းက လှူဒါန်းတဲ့သဘောမဟုတ်ဘဲ ဒီမိုကရေစီအရေးအတွက် ရင်းနှီးမြှုပ်နှံမှုသာဖြစ်ကြောင်း၊ အမေရိကန်ထံမှအကူအညီများ ဆက်လက်မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါတယ်။

 

အမေရိကန်က ကြာသပတေးနေ့က ကြေညာရာမှာ ယူကရိန်းလေကြောင်းကာကွယ်ရေးအတွက် အထောက်အပံ့များ၊ သံချပ်ကာယာဉ်များအပါအဝင် ဒေါ်လာ ၂.၅ ဘီလီယံတန်ဖိုးရှိတဲ့ စစ်ရေးထောက်ပံ့မှုတွေဖြင့် ကူညီသွားမှာဖြစ်ပါတယ်။

 

Source: Reuters
#Yangon_Media_Group