#World_Health
Published 26 September 2022
ငှက်ပျောသီးက တစ်နှစ်ပတ်လုံးသီးတဲ့ အသီးမျိုးဖြစ်ပါတယ်။
ငှက်ပျောသီးနေ့တိုင်းစားလို့ ကျန်းမာရေးအတွက်သင့်တော်ပါ့မလား?
နေ့စဉ်ငှက်ပျောသီး ၂ လုံး ၃ လုံးစားရင် ဘာတွေဖြစ်နိုင်သလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။
(၁) အားအင်ပြည့်ဖြိုးခြင်း
ငှက်ပျောသီးက အလွန်အားအင်ပြည့်ဖြိုးတဲ့ အသီးဖြစ်ပါတယ်။
အားဖြည့်အချိုရည်ကရတဲ့ ပမာဏလောက်ကို ရရှိနိုင်ပါတယ်။
အားဖြည့်အချိုရည်နဲ့ မတူညီတာက ငှက်ပျောသီးဟာ အဟာရဓာတ်လည်း ကြွယ်ဝတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
အားကစားသမားတွေဆိုရင် တစ်နေ့ကို ငှက်ပျောသီး ၂ လုံး ၃ လုံးစားပေးပါက ကြွက်သားကြွက်တက်ခြင်း မဖြစ်စေနိုင်ပါဘူး။
ပိုတက်ဆီယမ်လည်းကြွယ်ဝတာကြောင့် အလျင်အမြန်သက်သာစေပါတယ်။
(၂) အစာကြေခြင်း
ငှက်ပျောသီးက အမျှင်ဓာတ်အလွန်ကြွယ်ဝပါတယ်။
တစ်နေ့ကို ၂ လုံး ၃ လုံးလောက်စားပေးရင် အစာချေနှုန်းကို ထိန်းညှိပေးပါတယ်။
ငှက်ပျောသီးက ဗိုက်ပြည့်ဝစေပါတယ်။
ဒါကြောင့် ငှက်ပျောသီးလုံလောက်စွာစားရင် ဝမ်းချုပ်ခြင်းပြဿနာကင်းစေပါတယ်။
(၃) ကိုယ်အလေးချိန်ကျခြင်း
ဝိတ်ကျချင်တယ်ဆိုရင် ငှက်ပျောသီးက အထောက်အကူဖြစ်စေပါတယ်။
ကိုယ်ခန္ဓာထဲကဆဲလ်တွေ အဆီစုပ်ယူခြင်းကို ကန့်သတ်ပေးပါတယ်။
ဒီကောင်းကျိုးရဖို့အတွက်ကတော့ သင့်တင့်မျှတတဲ့ အစားအစာစားပေးဖို့ လိုပါတယ်။
(၄) နှလုံးသွေးကြောများကောင်းမွန်စေခြင်း
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက နှလုံးအတွက်လည်း ကောင်းမွန်ပါတယ်။
ပိုတက်ဆီယမ်က သွေးဖိအားကိုကောင်းမွန်စေသလို တစ်နေ့ကို ၂ လုံး ၃ လုံးစားသုံးပေးပါက နှလုံးသွေးကြောဆိုင်ရာရောဂါများ ကာကွယ်ပေးပါတယ်။
(၅) စိတ်အားအင်ကောင်းမွန်စေခြင်း
ငှက်ပျောသီးက မဂ္ဂနီဆီယမ်ကြွယ်ဝတာကြောင့် စိတ်အခြေအနေကောင်းမွန်စေပါတယ်။
စိုးရိမ်စိတ်၊ စိတ်ဖိအားတို့ကို သက်သာစေပြီး စိတ်ဓာတ်မြှင့်တင်ပေးပါတယ်။
ဒါ့အပြင် ညအိပ်တဲ့အခါမှာလည်း အိပ်ပျော်စေပါတယ်။
Source: Soo Healthy
#Yangon_Media_Group
- Category: World
Published 25 Sept 2022
တရုတ်နိုင်ငံဟာ ယင်းရဲ့ ပထမဆုံး ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘောကြီး လျောင်နင်း စတင်တာဝန်ထမ်းဆောင်ကတည်းက ရေကြောင်း တိုက်ခိုက်ရေးစွမ်းရည်တွေဟာ သိသိသာသာတိုးတက်လာခဲ့တယ်လို့ တရုတ်အစိုးရ မီဒီယာတွေကပြောပါတယ်။
လျောင်နင်းကို ၂၀၁၂ခုနှစ် စက်တင်ဘာလမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀နှစ်ကျော်ကာလမှာ back-to-back (ဘက်တူဘက်) စနစ်ထိပ်တိုက်တွေ့မှုနှင့် လက်တွေ့တိုက်ပွဲလေ့ကျင့်ခန်း တွေကနေတစ်ဆင့် ပလက်ဖောင်းတစ်ခုမှသည် တိုက်ပွဲဖွဲ့စည်းမှုအထိ၊ အသေးစားစနစ်လေ့ကျင့်မှုမှသည် အကြီးစားပူးတွဲစစ်ဆင်ရေးတွေအထိ လျောင်နင်းလေယာဉ်တင်စစ်သင်္ဘောကြီးရဲ့ ဖွဲ့စည်းပုံဟာ သင်္ဘောတွေ၊ရေငုပ်သင်္ဘောတွေနှင့် လေယာဉ်တွေကို ကောင်းစွာ စုဖွဲ့ပေါင်းစပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းမှုရဲ့ တိုက်ပွဲစွမ်းရည်ဟာဆက်တိုက်တိုးတက်လာတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ လျောင်နင်းဟာ ပစိဖိတ်အနောက်ပိုင်းသမုဒ္ဒရာမှာ လေ့ကျင့်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လျောင်နင်း လေယာဉ်တင်သင်္ဘောဖွဲ့စည်းမှုကနေ အရှိန်မြင့်မားစွာဖြင့် ပျံသန်းနေတဲ့အမျိုးအမည်မသိ လေယာဉ်အုပ်စုတွေကို ထောက်လှမ်းနိုင်ခဲ့ပါတယ်။
ဖွဲ့စည်းမှုဟာ မိနစ်အနည်းငယ်အတွင်းမှာပဲ တိုက်ပွဲအစီအစဉ်တွေနှင့် တုန့်ပြန်နိုင်စွမ်းရှိခဲ့ပါတယ်။ အမိန့်ပေးစစ်စခန်းကနေ တိုက်ခိုက်ဖို့ အမိန့်ပေးနိုင်ပါတယ်။ ပြီးတော့ J-15 တိုက်လေယာဉ်တွေ ပစ်မှတ် လေပိုင်နက်ထဲ ဦးတည်ပျံသန်းနိုင်ပါတယ်။ များစွာသော တိုက်ပွဲနည်းနာတွေကတစ်ဆင့် တင်းကြပ်တဲ့ တိုက်စစ်နှင့်ခံစစ်တွေကို ဖွဲ့စည်း တည်ဆောက်နိုင်ခဲ့ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
၂၀၁၇ခုနှစ်မှာ 901 အမျိုးအစား သမုဒ္ဒရာသွား ထောက်ပို့ ရေယာဉ် ဟူလန်ဟူကို အဆိုပါ ဖွဲ့စည်းမှုပုံစံအထဲ စတင်တာဝန်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အနောက်ပိုင်းပစိတ်ဖိတ် သမုဒ္ဒရာမှာ ဟူလန်ဟူဟာ လျောင်နင်းလေယာဉ်တင်သင်္ဘောကို ရေကြောင်းဆိုင်ရာ ဖြည့်တင်းမှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ရန်သူတွေရဲ့ ခြိမ်းခြောက်မှုအောက်ကနေ အကြီးစားဖြစ်တဲ့ နေ့ ည ကာလရှည်ထောက်ပို့မှုတွေကို ထူးခြားအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
တရုတ်ရဲ့ပထမဆုံး 055 ပုံစံ ပဲ့ထိန်းဒုံးဖျက်သင်္ဘော နန်ချန်းဟာလည်း ဖွဲ့စည်းမှုပုံစံထဲ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့ လေယာဉ်တင်သင်္ဘော ဖွဲ့စည်းမှုဟာ မတူတဲ့ လုပ်ငန်းတာဝန်ပေါ်မူတည်လုပ်ဆောင်တာပါ။ တိုက်ပွဲ အုပ်စုဝင်တွေကို မစ်ရှင်ချက်ခြင်းစနိုင်အောင် ယာယီရွေးချယ်တာဝန်ပေးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဟာ စံမှီတဲ့ အကဲဖြတ်ယန္တယားတစ်စုံကို မိတ်ဆက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂)နှစ်အတွင်း အရာရှိတွေနှင်စစ်သည်တွေ အကဲဖြတ်မှု ပိုမိုအောင်မြင်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ဆီမှာ တာဝန်ပေးဖို့ ကြီးမားတဲ့ ရွေးချယ်မှုရှိပြီးဖြစ်ပါတယ်” လို့ လျောင်နင်း လေယာဉ်တင်သင်္ဘောရဲ့ ကပ္ပတိန် ချေးယွန်ဂန်ကပြောပါတယ်။
Source CCTV+
#Aircraft_carrier_Liaoning
#China_Navy
#China_Military_Power
- Category: World
Published 25 Sept 2022
ဖို့ဒ်ကားကုမ္ပဏီရဲ့ ရုချ် လျှပ်စစ်ကားထုတ်လုပ်ရေးဌာနဟာ မီချီဂန်ပြည်နယ် ဒီယာဘွန်းမြို့က ကုမ္ပဏီရဲ့ ယခင် ရာစုနှစ် သက်တမ်းရှိပြီဖြစ်တဲ့ စက်ရုံအတွင်းထဲမှာရှိပါတယ်။ အဲဒီစက်ရုံကနေ ယခု ဖို့ဒ်ရဲ့ အလုံးစုံလျှပ်စစ်ပထမဆုံးထရပ်ကား F-150 Lightning ကားတွေကို ထုတ်လုပ်နေပါတယ်။
“ကျွန်တော်တို့မျှော်လင့်ထားတာထက် ဝယ်လိုအားက ပိုများနေတယ်” လို့ တိုးချဲ့ လျှပ်စစ်ကားစက်ရုံရဲ့ ဝါရင့် လုပ်ငန်းလည်ပတ်ရေး မန်နေဂျာတစ်ဦးဖြစ်တဲ့ ခရစ် စကက်ခ်က ပြောပါတယ်။
“ ကျွန်တော်တို့ကို ကြိုမှာထားတာ အစီး နှစ်သိန်းရှိနေပါတယ်။ အဲဒါတွေ အချိန်မီရရှိအောင် ကျွန်တော်တို့ ခပ်မြန်မြန်ထုတ်လုပ်နေပါတယ်” လို့လည်း သူကပြောပါတယ်၊
အခုဆို ကျွန်တော်တို့ထုတ်လုပ်မှုစွမ်းရည်ကို နှစ်ဆတိုးထုတ်နေတာကို ကြေညာထားပါတယ်။ ဒီနှုန်းနှင့်ဆို တစ်နှစ်ကို ကားပေါင်း တစ်သိန်းခွဲထုတ်လုပ်နိုင်မှာပါ လို့လည်းသူကပြောပါတယ်။
“ အဲဒါကြောင့် ကျွန်တော်တို့ အလုပ်ရုံတွေ အများကြီးထပ်တိုးထားတယ်။ လူတွေထပ်တိုးထားတယ်။ဝယ်ယူသူတွေရဲ့ လိုလားမှုတွေပြည့်မီစေဖို့အတွက် လိုင်းတွေမှာ ထုတ်လုပ်မှုနှုန်းတွေတိုးမြှင့်နိုင်ပါတယ်။ အဲဒီအပြင် တင်နက်ဆီမှာ နောက်ထပ် စက်ရုံတစ်ရုံဆောက်နေတယ်။ အဲဒီမှာ လျှပ်စစ်ကားတွေ ပိုကောင်းကောင်းထုတ်နိုင်မယ်” လို့ သူကပြောပါတယ်။
ဒီထူးခြားတဲ့အခြေအနေကြောင့် အခြေခံအားဖြင့် တစ်နှစ်အတွက် ထုတ်လုပ်မှုလေးဆတိုးရမယ်။ ကျွန်တော်တို့ ခပ်မြန်မြန်တုန့်ပြန်နေပါတယ်။ ကျွန်တော်တို့ဟာ ထရပ်ကားကျွမ်းကျင်သူတွေပါ။ ကျွန်တော်တို့ဘယ်လိုအတိုင်းအတာတိုးမြှင့်ရမယ်ဆိုတာနှင့် ဝယ်သူရဲ့လိုအပ်ချက်ကို ဘယ်လိုပြည့်မီအောင်လုပ်ရမယ်ဆိုတာ သိပါတယ် လို့လည်း သူကဆက်ပြောပါတယ်။
ဒီအခြေအနေမရောက်ခင် ကျွန်တော်အငြိမ်းစားယူရမယ် ထင်ထားတာ။ လုပ်ငန်းက ခပ်မြန်မြန်ကြီးပြောင်းလဲနေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှ ကောင်းကောင်းကြိုခန့်မှန်းနိုင်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမြန် တုန့်ပြန်ပြီး ဘက်ထရီတွေတည်ဆောက်ဖို့ မှန်ကန်တဲ့အရင်းအမြစ်တွေကို ရယူနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝယ်လိုအားကိုထုတ်နိုင်အောင် ကျွန်တော်တို့ လုပ်ငန်းအတိုင်းအတာကိုတိုးမြှင့်နေပါတယ် လို့ သူကပြောကြားခဲ့ပါတယ်။
အဲဒီစက်ရုံနှင့်ကပ်လျက်မှာ ဒီယာဘွန် ထရပ်ကားစက်ရုံရှိပါတယ်။ အဲဒီမှာတော့ ဓာတ်ဆီထရပ်ကားတွေ ထုတ်လုပ်နေတုန်းဖြစ်ပါတယ်။ အဲဒီမှာ ၅၃စက္ကန့်တိုင်းမှာ ပစ်ကားကာတစ်စီထွက်ရှိနေတာဖြစ်ပါတယ်။
Source AFP
#Ford’s_All_Electric_truck
#F-150_Lightning
#Battery_Electric_Vehicles
- Category: Business
Published 25 Sept 2022
မီချီဂန်မှ လူသားစားသူတစ်ဦးဟာ ကေဗင်ဘေကွန်ဆိုတဲ့ အမျိုးသားတစ်ဦးကို လွန်ခဲ့တဲ့သုံးနှစ်က ချိန်းတွေ့တဲ့ အက်ပလီကေးရှင်းတစ်ခုကနေ တွေ့ခဲ့ပြီးနောက် သူ့ကိုသတ်ဖြတ်ပြီး သူ့ရဲ့ ခန္ဓာအစိတ်အပိုင်းအချို့ကို စားသောက် ခဲ့တာကို အပြစ်ရှိတယ်လို့ ဝန်ခံခဲ့တယ်လို့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
မာ့ခ်လက်တန်စကီးဟာ အသက် ၂၅နှစ်အရွယ် ဆံသဆရာကို သတ်ဖြတ်ပြီး ခန္ဓာအစိတ်အပိုင်းတွေဖြတ်တောက်မှုနှင့် ရဲကဖမ်းဆီးခဲ့ပါတယ်။ ဆံညှပ်ဆရာကို သူက ၂၀၁၉ခုနှစ် ဒီဇင်ဘာလထဲမှာ သူနေထိုင်တဲ့ ဘင်နင်တန်မြို့နယ်ထဲက သူ့အိမ်ကိုမြှားခေါ်ခဲ့ပြီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
အသက် ၅၃နှစ်အရွယ်ရှိ လက်တန်စကီးဟာ ဘေကွန်ရဲ့နောက်ကျောကို ဓားနှင့်ထိုးခဲ့ပြီးနောက် သူ့ခန္ဓာ အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။ အဲဒီနောက် မီးဖိုချောင်ထဲ သယ်သွားပြီး စားသောက်ခဲ့ပါတယ်လို့ Mlive.com က သတင်းရေးသားပါတယ်။
သူဟာ ဆံသဆရာ ဘေကွန်ကို ဂေးတွေ၊နှစ်ဖက်ချွန်တွေနှင့် လိင်ပြောင်းထားသူတွေကို ချိန်းတွေ့တဲ့ Grindr အက်ပလီ ကေးရှင်းကတစ်ဆင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ဘေကွန်ရဲ့ ဝှေးစေ့တွေကိုဖြတ်တောက်ပြီး စားသုံးခဲ့တယ်လို့ ရဲတွေကိုပြောပါတယ်။
ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက် ဘေကွန်ရဲ့အလောင်းကို လက်တန်စကီးက သူ့အိမ်မြေအောက်ထပ် ထုတ်တန်းပေါ် တွဲလောင်းချိတ်ထားခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ခြေချင်းဝတ်တွေကို ကြိုးနှင့်တုတ်ထားပြီး လည်ပင်းကြီး က ကွဲနေပါတယ်။ပြီးတော့ ခန္ဓာအစိတ်အပိုင်းတွေလည်း ဖယ်ထုတ်ခံထားရပါတယ်လို့ အဆိုပါသတင်းဌာနက ဆက်လက် ရေးသားပါတယ်။
ဆွပ်ဇ်ခရိခ်မြို့က လက်တန်စကီး ဟာ အစပထမပိုင်း အပြစ်ရှိကြောင်း မဝန်ခံခဲ့ပါဘူး။ ဒါပေမယ့် သူ့ကို ပထမဆုံးရုံးထုတ်မယ့် အောက်တိုဘာ ၁၈ရက်မတိုင်ခင် တစ်လအလိုခန့်မှ ပြန်ပြောင်းဝန်ခံခဲ့တာဖြစ်ပါတယ်။
သူ့ အမှုသည်ဟာ စိတ်ဝေဒနာသည်တစ်ဦးဖြစ်တယ်လို့ သူ့ရဲ့ရှေ့နေ မာရီ ချာတီယာက ပြောပါတယ်။
၂၀၁၉ခုနှစ် ခရစ်စမတ်ကြိုမှာ သူရောက်မလာလို့ သူ့မိသားစုက အစပိုင်းမှာ စိုးထိတ်ခဲ့ကြပါသေးတယ်။ စုံထောက်တွေဟာ သူ့ကားကို ဒေါ်လာ ဂျင်နရယ်စတိုးရဲ့ ကားရပ်ကွင်းမှာ ရပ်ထားတာကို နောက်ပိုင်းမှာတွေ့ရှိခဲ့ပြီး သူ့ကို နောက်ယောက်ခံလိုက်ခဲ့ရာက အမှုကိုဖော်ထုတ်လိုက်နိုင်ခြင်းဖြစ်ပါတယ်။
သူ့အမှုကို အောက်တိုဘာ ၁၈ရက်မှာ စတင်ကြားနာမှာဖြစ်ပါတယ်။
Source: NY Post
ဘေကွန်လူသတ်စားခဲ့သည့်အိမ်
ဘေကွန်၏မိဘနှစ်ပါး
- Category: World
Published 25 Sept 2022
လေယာဉ်မောင်တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နှင့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လော့အိန်ဂျလီ နိုင်ငံတကာလေဆိပ်မှာ အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ မက္ကဆီကိုက ပျံသန်းလာတဲ့ အမေရိကန်လေကြောင်းပိုင်လေယာဉ်ဖြစ်ပါတယ်။
အသက် ၃၃နှစ်အရွယ်ရှိ အဲလက်ဇင်းဒါး တွန်ကူးလီဟာ လေယာဉ်မောင်တစ်ဦးရဲ့ ဦးခေါင်းအနောက်ဖက်ကို လက်သီးနှင့် ထိုး ခဲ့တဲ့ ဗွီဒီယိုဟာ ဆိုရှယ်မီဒီယတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးထုတ်ခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ လော့စ်ကာဘို နိုင်ငံတကာလေဆိပ်မှ လေယာဉ်ထွက်ခွာပျံသန်းပြီး မိနစ် ၂၀အတွင်းမှာ လီဟာ စိတ် အပြောင်းအလဲမြန်မြန်နှင့် စတင်လှုပ်ရှားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေကပြောကြပါတယ်။ သူဟာ သူ့ခုံကနေ ထပြီး လျှောက်သွားလမ်းသလားနေခဲ့ပါတယ်။ ပြီးတော့ လေယာဉ်အမှုထမ်းတွေကို ရုန့်ရင်းကြမ်းတမ်းစွာပြုမှုခြိမ်းခြောက်ခဲ့ ပါတယ်။ အဲဒီနောက်သူဟာ လေယာဉ်အမှုထမ်းတွေက တိုင်လို့ သူဆီလာပြီး အကြိုးအကြောင်းပြောဖို့ကြိုးစားတဲ့ လေယာဉ်မောင်တစ်ဦးကို ဘာမပြော ညာမပြောဘဲနှင့် လက်သီးနှင့်ထထိုးခဲ့တာတွေကို ဗွီဒီယိုမှာ တွေ့နိုင်ပါတယ်။
လီကို လေဆိပ်မှာ လေယာဉ်ဆိုက်ဆိုက်ချင်း အက်ဖ်ဘီအိုင်က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ဒီဖြစ်ရပ်ဟာ လေပေါ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လေယာဉ်အမှုထမ်းတစ်ဦးကို နှောက်ယှယက်တဲ့ ဖက်ဒရယ်ပြစ်မှုမြောက်လို့ ဖြစ်ပါတယ်။
လီကို နောင်မှာ အမေရိကန်လေကြောင်းကိုစီးနင်းဖို့ ပိတ်ပင်လိုက်တယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။
လော့အိန်ဂျလိရောက်သည်အထိ သူ့ကို ထိန်းသိမ်းပေးခဲ့တဲ့ လေယာဉ်အမှုထမ်းတွေနှင့် ခရီးသည်တွေကို ကျေးဇူးတင် တယ်လို့လည်း လေကြောင်းလိုင်းက ပြောပါတယ်။
ရုပ်သံကြည့်ရန်
https://t.me/yangonmediagroup/3983
Source: Insider
#American_Airlines
#Alexander_Tung_Cuu_Le
#Punching_a_flight_attendant
- Category: World
#World_Health
Published 25 September 2022
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီးနောက် နောက်ဆက်တွဲလက္ခဏာများခံစားရသူတွေဟာ နောက်တစ်နှစ်အကြာမှာ အလိုအလျောက်ကိုယ်ခံအားတုန့်ပြန်ရောဂါ (Autoimmune disease) ဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဗန်ကူဗာ ဗြိတိသျှကိုလံဘီယာတက္ကသိုလ်နဲ့ မက်မာစတာတက္ကသိုလ်တို့မှ သုတေသီများက ဖော်ထုတ်လိုက်ပါတယ်။
အလိုအလျောက်ကိုယ်ခံအားတုန့်ပြန်ရောဂါဆိုတာဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တွင်းအစိတ်အပိုင်းများကို ကာကွယ်ရမယ့်အစား ကျန်းမာသန်စွမ်းနေတဲ့အင်္ဂါများကို မှားယွင်းပြီး တိုက်ခိုက်မိတဲ့ အခြေအနေဖြစ်ပါတယ်။
ကိုဗစ်နောက်ဆက်တွဲ လက္ခဏာခံစားနေရသူတွေရဲ့ သွေးနမူနာများကို ရယူခဲ့ရာ အလိုအလျောက်ကိုယ်ခံအား တုန့်ပြန်ရောဂါဖြစ်တဲ့လက္ခဏာတွေ မြင်တွေ့ခဲ့ရကြောင်း European Respiratory ဂျာနယ်မှာ ပြီးခဲ့တဲ့လက ဖော်ပြခဲ့ပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူတွေမှာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ အသက်ရှူမဝခြင်း လက္ခဏာများဖြစ်လေ့ရှိပါတယ်။
သွေးနမူနာတွေထဲက ပဋိပစ္စည်းတွေက နောက်ထပ်ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်လားဆိုတာကိုလည်း လေ့လာခဲ့ကြပါတယ်။
WHO အဖွဲ့အစည်းကတောင် ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေကို ကိစ္စတစ်ခုအဖြစ် ထည့်သွင်းလာပေမယ့် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကုသရမလဲဆိုတာကိုတော့ မသိကြသေးပါဘူး။
၂၀၂၀ ဩဂုတ်မှ ၂၀၂၁ စက်တင်ဘာအတွင်း ကိုဗစ်ကူးစက်ခံရသူ ၁၀၆ ဦးကို ခေါ်ယူခဲ့ပါတယ်။
လူနာတွေကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ သက်သာလာပြီးနောက် ၃ လ၊ ၆ လ၊ တစ်နှစ်အသီးသီးကြာတဲ့အချိန်မှာ အသက်ရှူမဝခြင်း၊ နွမ်းနယ်ခြင်းတို့ ခံစားရလာဆိုတာကို မေးမြန်းခဲ့ကြပါတယ်။
တစ်နှစ်ကြာပြီးနောက်မှာတော့ လူတဝက်ကျော်ကျော်လောက်ကပဲ စမ်းသပ်ခံဖို့ ပြန်လာခဲ့ကြပါတယ်။
ဒါဟာ မလာတဲ့လူတွေက သက်သာသွားကြတာကြောင့်လို့ သုတေသီများယူဆခဲ့ကြပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
- Category: World
#World_Science
Published 25 September 2022
ကမ္ဘာပေါ်မှာ ပုရွက်ဆိတ်ပေါင်း အနည်းဆုံး ၂၀ ကွာဒရီလီယံ (၁ ကွာဒရီလီယံ = ထရီလီယံ ၁ ထောင်) ရှိနိုင်ကြောင်း အမျိုးသားသိပ္ပံအကယ်ဒမီဂျာနယ်မှာ ဖော်ပြလိုက်ပါတယ်။
ဒီပမာဏဟာ အနည်းဆုံးတွက်ချက်ထားတာသာဖြစ်ပြီး သူတို့ရဲ့နေထိုင်မှုပုံစံပြောင်းလဲလာခြင်းရဲ့ အကျိုးဆက်တွေကိုလည်း တိုင်းတာနိုင်ဖို့ အရေးကြီးကြောင်း ဖော်ပြခဲ့ပါတယ်။
သိပ္ပံပညာရှင်များက ကွင်းပြင်မှာရှိတဲ့ ပုရွက်ဆိတ်အရေအတွက်တွေကို လေ့လာမှု ၄၆၅ ခုဖြင့် ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။
အာဖရိကအလယ်ပိုင်းနဲ့ အာရှတိုလိုတိုက်ကြီးတွေက အချက်အလက်အလွန်နည်းပါးပေမယ့် တစ်ကမ္ဘာလုံးကတိုက်တွေကနေ စစ်တမ်းကောက်ယူခဲ့ပါတယ်။
အင်းဆက်မျိုးကွဲတွေရဲ့ တည်ရှိပုံကြီးကို နားလည်ဖို့ အဲဒီနေရာတွေမှာလည်း အချက်အလက်ရရှိဖို့ အလွန်အရေးကြီးကြောင်း ဖော်ပြထားပါတယ်။
ခန့်မှန်းချက်များအရ တစ်ကမ္ဘာလုံးမှာ ပုရွက်ဆိတ်တည်ရှိမှုက သိသိသာသာမြင့်မားဖွယ်ရှိနေပါတယ်။
ပုရွက်ဆိတ်မျိုးကွဲပေါင်း ၁၅,၇၀၀ လောက်ရဲ့ ၃ ပုံ ၂ ပုံနီးပါးခန့်ဟာ တစ်ကမ္ဘာလုံးမှာ တွေ့ရှိနေရပါတယ်။
ပတ်ဝန်းကျင်ဒေသပေါ်မူတည်ပြီး ပုရွက်ဆိတ်အရေအတွက်ကို ပေါင်းလိုက်ရင် သူတို့ရဲ့အလေးချိန်က ကာဗွန်အစိုင်အခဲ ၁၂ မက်ဂါတန်လောက်ရှိမယ်လို့ ယူဆနေကြပါတယ်။
သတ္တဝါများအပေါ် မှီခိုရသလို အမဲလိုက်ကောင်လည်းဖြစ်နိုင်တဲ့ ပုရွက်ဆိတ်တွေဟာ ဂေဟစနစ်လည်ပတ်မှုမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။
Source: WION
#Yangon_Media_Group
- Category: World