၂၆ ဧပြီ ၂၀၂၄

တရုတ်-မြန်မာ ပူးပေါင်းအားထုတ်မှုကြောင့် အွန်လိုင်းလိမ်လည်မှုတွေနှင့်ဆက်စပ်တဲ့ ရာဇဝတ်မှုတွေနှိမ်နှင်းရာမှာ အထင်ကရ အောင်မြင်မှုတွေရရှိခဲ့တယ်လို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာနစက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ရောက်ရှိနေတဲ့ မြန်မာ နစက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးရာဝန်ကြီး ဝမ်ရှောင်ဟုန်တို့ ဧပြီ၂၅ ရက်ကြာသပတေးနေ့က တွေ့ဆုံကာ နှစ်နိုင်ငံ  အကြား တရားဥပဒေစိုးမိုးရေး ကိစ္စများဆွေးနွေးခဲ့ကြရာမှာ တရုတ်ဝန်ကြီး ဝမ်ရှောင်ဟုန်က အဲသလိုပြောကြားခဲ့တာဖြစ်တယ် လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေက ရေးသားကြပါတယ်။

တရုတ်-မြန်မာဆက်ဆံရေးကို တရုတ်နိုင်ငံက မဟာဗျူဟာရှုထောင်အမြင်နှင့် အမြဲရှုမြင်ပြီးအကောင်အထည်ဖော်နေတယ်လို့ ဝမ်ရှောင်ဟုန်ကပြောပါတယ်။  

နှစ်နိုင်ငံနှင့် ဒေသတစ်ခုလုံး လုံခြုံရေး၊တည်ငြိမ်ရေးနှင့် ကြွယ်ဝသောဖွံဖြိုးတိုးတက်မှုတွေ ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးတွင် နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေး၊ အမှုထမ်းစီမံကိန်းလုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် လောင်းကစား၊မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုများနှင့် အခြာသော နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို အရှိန်မြှင့်  တိုက်ဖျက်ရေးမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့် အတူလက်တွဲဆောင်ရွက်ဖို့အသင့်ပဲလို့ သူကဆက်ပြောပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကလည်း နှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ အသီးအပွင့်တွေပိုမိုဖြစ်ထွန်းဖို့ မြန်မာနိုင်ငံအနေနှင့်လည်း လုပ်ဆောင်ရန်ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့တယ်လို့ သတင်းများမှာ ဖော်ပြထားပါတယ်။

@ymg/knl