#Local_News
Published_21 November 2022
စီဘီဘဏ်နှင့် မြန်မာ့ရှေ့ဆောင်ဘဏ်တို့၏ ရွှေဘုံသာဘဏ်ခွဲများတွင်လူပုဂ္ဂိုလ်ခုနစ်ဦးက ယင်းတို့၏ ဘဏ်ငွေစာရင်းမှ ငွေသားဖြင့်အပ်ငွေ အမြောက်အမြားကို ထုတ်ယူခဲ့သည့်အတွက် ကွင်းဆင်းစစ်ဆေးရန် ရွှေဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး ဆပ်ကော်မတီက ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါလူပုဂ္ဂိုလ်ခုနစ်ဦးသည် ကျပ် ၄ ဒသမ ၉ ဘီလျံနီးပါးထုတ်ယူခဲ့ပြီးနောက် ယင်းတို့သည် ရွှေအရောင်း/အဝယ် ပြုလုပ်နေသူများဖြစ်သည့်အတွက် ငွေအမြောက်အများထုတ်ယူခြင်းနှင့် စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်က FATF ၏ အကြံပြုချက်ပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ (AML/CFT) စံသတ်မှတ်ချက်များအား လိုက်နာမှုရှိမရှိသည့်အတွက် အမည်ပျက်စာရင်းသွင်းခံရပြီး ယင်းမတိုင်မီ ပြည်တွင်းပုဂ္ဂလိက ဘဏ်ကိုးခုကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် မိုဘိုင်းလ်ငွေပေးချေမှုများအပေါ်ကိုလည်း တင်းကျပ်မှုများ ပြုလုပ်လာပြီး အကောင့်ဖွင့်ထားသူများသည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့် သုံးစွဲသူများ၏ အချက်အလက်များကို အတိအကျဖြည့်သွင်းပြင်ဆင်ရန် ညွှန်ကြားခဲ့ပြီး အချက်အလက် မပြည့်စုံသော အကောင့်များကိုလည်း ပိတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပြည်ပငွေလွှဲကုမ္ပဏီများကိုလည်း ဗဟိုဘဏ်က ထပ်မံစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/STH
#Yangon_Media_Group
- Category: Myanmar
- Hits: 873
#Local_News
Published_21 November 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အတွက် ပထမနှစ် (ပထမနှစ်ဝက်) နေ့သင်တန်းများကို ယနေ့နိုဝင်ဘာလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။
ယင်းအပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်းများ အားလုံးကို နိုဝင်ဘာ ၁၀ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့ သင်တန်းများအထိ နေ့သင်တန်းများ ကျောင်းအပ်လက်ခံခြင်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ စနေနေ့နှင့် တနင်္ဂနွေနေ့များ အပါအဝင်လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်လာနိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် နေ့သင်တန်းများကို ယခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များအတွက် ဥပဒေပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ပညာရေး စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)၊ ဂုဏ်ထူးတန်း တတိယနှစ် (ပထမနှစ်ဝက်)၊ မဟာအရည်အချင်းစစ်သင်တန်း (ပထမနှစ်ဝက်)၊ မဟာဘွဲ့သင်တန်း ပထမနှစ် (ပထမ နှစ်ဝက်)နှင့် မဟာဘွဲ့သင်တန်း ဒုတိယနှစ် (ပထမနှစ်ဝက်) ဘွဲ့သင်တန်းများကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ပြောပြချက်အရ သိရသည်။
#ymg/sth
#Yangon_Media_Group
- Category: Myanmar
- Hits: 532
#Local_News
Published_21 November 2022
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ သင်္ချီကိုင်း ကျေးရွာအုပ်စု၊ တာရဲကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၁ ရက် က ဘင်္ဂါလီများ ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
"သတင်းရလို့ ပူးပေါင်းအဖွဲ့ကသွားရောက်စစ်ဆေးတော့ ဘင်္ဂါလီ ၇ ယောက် ဖမ်းမိတယ်၊ သူတို့ကို စစ်ဆေးတဲ့အခါ ပွဲစားဆိုတဲ့သူက စစ်တွေမြို့ကနေ ရန်ကုန်၊ ရန်ကုန်ကနေ မလေးရှားကို ပို့မယ်လို့ သိရတယ်။ ပွဲစားခကို ရန်ကုန်ရောက်မှ ပေးရမယ်လို့ သဘောတူထားကြတာတဲ့"ဟု အစိုးရအဖွဲ့တာဝန်ရှိသူက ပြောသည်။
ယင်း ဘင်္ဂါလီများမှာ စစ်တွေမြို့ နာဇီရပ်ကွက်ရှိဆိပ်ကမ်းမှ စက်လှေဖြင့် တောင်ကုတ်မြို့နယ်အတွင်းရှိ ဆိပ်ကမ်းတစ်ခုသို့ ရောက်ရှိခဲ့ကာ ၎င်းဆိပ်ကမ်းမှ တောင်ကုန်းတစ်နေရာတွင် ၂ ည အိပ်ခဲ့ရကြောင်း၊ ယင်းတောင်ကုန်းမှ တောလမ်းအတိုင်း လမ်းလျှောက်ခဲ့ရာ နိုဝင်ဘာလ ၂၁ ရက် နံနက် ၁၁ နာရီခန့်တွင် တာရဲကျေးရွာ အနီးသို့ရောက်ရှိစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ဖမ်းဆီးရမိသော ဘင်္ဂါလီများအား လဝကဥပဒေဖြင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။
နိုဝင်ဘာလ ၂၀ ရက်ကလည်း အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းလိုင်းဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်မည်ဆိုသူတစ်ဦးကို စစ်တွေ လေဆိပ်ထွက်ခွာဆောင် လဝကကောင်တာ၌ နိုင်ငံသားစိစစ်ရေးကတ် အတုဖြင့် ဖမ်းဆီးမိခဲ့သေးသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 329
#Local_News
Published_21 November 2022
ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) စိုက်ပျိုး မွေးမြူရေးလုပ်ငန်းအတွက် ဖြေဆိုအောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာ ခေါ်ယူမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ စာမေးပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး ဖြေဆိုအောင်မြင်သူ ၃၁၀၄ ဦး ရှိကြောင်း၊ စာမေးပွဲအောင်မြင်သူများအား မနက်ဖြန် နိုဝင်ဘာ ၂၂ ရက်မှ၂၄ ရက်ထိ ခုံနံပါတ်အလိုက် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ပင်လုံခန်းမတွင် အလုပ်လျှောက်လွှာများထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ကျန်းမာရေးဆေးစစ်ချက် အောင်မြင်ပြီးသူများအား အလုပ်လျှောက်လွှာ ပြန်လည်တင်သွင်းခြင်းကို နိုဝင်ဘာလ ၂၅ ရက်မှ လာမည့် ဒီဇင်ဘာလ ၁ ရက်အထိ လက်ခံဆောင်ရွက်မည်ဖြစ်ကြောင်း လည်း အသိပေးကြေညာထားသည်။
အလုပ်လျှောက်လွှာ ထုတ်ယူရာတွင် နိုင်ငံကူးလက်မှတ်၊ စာမေးပွဲဖြေဆိုခွင့် ဖြတ်ပိုင်း ပြသရမည်ဖြစ်ပြီး လျှောက်လွှာနှင့်အတူ PJ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေဆေးစစ်ချက်၊ ကိုယ်ပိုင်ဘဏ်ငွေစာရင်းစာအုပ်များ တင်ပြရမည်ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံက တောင်ကိုရီးယားသို့ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်လျက်ရှိရာ ယခုနိုဝင်ဘာလအတွင်း မြန်မာလုပ်သား ၄၆၀ ကျော်အထိ စေလွှတ်ပြီးဖြစ်ကြောင်းစာရင်းများအရ သိရသည်။
#ymg/STH
#Yangon_Media_Group
- Category: Myanmar
- Hits: 418
#Local_News
Published_ 21 November 2022
စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ် စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများ စသည်တို့ ရှိနေသည့် နေပြည်တော် ကောင်စီနယ်မြေကို ပညာရေးမြို့တော်အဖြစ် လုပ်ဆောင်နေကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။
လက်ရှိတွင် နေပြည်တော်၌တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း မိသားစုများမှ သားသမီးများနှင့် နေပြည်တော် ၈ မြို့နယ်ရှိ ဒေသခံပြည်သူများ၏ သားသမီးများအတွက် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်များ သင်ယူလေ့လာခွင့်ရရှိစေရန် Naypyitaw State Academy ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်က ကိုဖွင့်လှစ်ခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာနနှင့် စီးပွားရေးပညာ မဟာဌာနဟူ၍ မဟာဌာန ၄ ခုကို စတင် ဖွင့်လှစ်ထားပြီး ဝိဇ္ဇာပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၇ ခု၊ သိပ္ပံပညာမဟာဌာနတွင် ဘာသာရပ်ဌာန ၃ ခု၊ ဥပဒေပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၁ ခုနှင့် စီးပွားရေးပညာ မဟာဌာနတွင် ဘာသာရပ်ဌာန ၄ ခု၊ စုစုပေါင်း ဘာသာရပ်ဌာန ၁၅ ခုကို စတင်ဖွင့်လှစ်သင်ကြားရန် စီစဉ်ထားပြီး လာမည့်ပညာသင်နှစ်များတွင် ဆေးသိပ္ပံမဟာဌာန၊ အားကစားပညာ မဟာဌာနနှင့် လူမှုရေး ပညာမဟာဌာနများကို တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် စုစုပေါင်း မဟာဌာန ၇ ခုအထိရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်းအပြင် နိုဝင်ဘာလ ၁၂ ရက်က အင်ဂျင်နီယာပညာရပ်များကို သင်ကြားပေးနိုင်မည့် နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပြီး ယင်းတွင် အင်ဂျင်နီယာ ဘာသာရပ်ကြီး ၄ ခု၊ အလုပ်အကိုင် အခွင့်အလမ်း အများဆုံးဖြစ်သည့် သုတနည်းပညာ ဘာသာရပ်နှင့် ဒေသလိုအပ်ချက်အရ ဗိသုကာဘာသာရပ် အပါအဝင် စုစုပေါင်း ဘာသာရပ် ၆ ခုကို ဖွင့်လှစ်၍ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၌ လက်ရှိဖွင့်လှစ်ပို့ချ လျက်ရှိသည့် အစိုးရမူလတန်းကျောင်း ၅၀၈ ကျောင်း၊ အစိုးရအလယ်တန်းကျောင်းပေါင်း ၁၂၀ ၊ အစိုးရ အထက်တန်းကျောင်း ၁၂၉ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅၇ ကျောင်း ရှိပြီး ပုဂ္ဂလိကကျောင်းများအပါအဝင် လိုအပ်သည့်ကျောင်း၊ တက္ကသိုလ်များကိုလည်း ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
နေပြည်တော်ကို ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 491
World Cup 2022
Published - 20 Nov 2022
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိကျင်းပမယ့် ဒီပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေအနေနဲ့ ရရှိမယ့်ဆုကြေးတွေကလည်း များပြားလှပါတယ်။
ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတဲ့အသင်းက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄၂ သန်းကို ရရှိမှာဖြစ်ပြီး ဒုတိယရတဲ့အသင်းကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ ရရှိမှာဖြစ်ပါတယ်။ တတိယရတဲ့အသင်းက အမေရိကန်ဒေါ်လာ ၂၇ သန်း၊ စတုတ္ထရတဲ့အသင်းက အမေရိကန်ဒေါ်လာ ၂၅ သန်း အသီးသီးရရှိမှာပါ။
အဆင့် ၅ မှ ၈ အတွင်းရရှိတဲ့အသင်းတွေက အမေရိကန်ဒေါ်လာ ၁၇ သန်းစီ၊ အဆင့် ၉ မှ ၁၆ အတွင်း နေရာရခဲ့တဲ့အသင်းတွေက အမေရိကန်ဒေါ်လာ ၁၃ သန်းစီနဲ့ ကျန်တဲ့ ပြိုင်ပွဲဝင်အသင်းတွေက အမေရိကန်ဒေါ်လာ ၉ သန်းစီ ဆုကြေးအဖြစ် ရရှိမှာဖြစ်ပါတယ်။
ခြေစစ်ပွဲအောင်ခဲ့တဲ့ နိုင်ငံအသင်း ၃၂ သင်းစလုံးဟာ ပြင်ဆင်စရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၅ သန်းစီ ရရှိခဲ့ကြပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 1170
#Local_News
Published_20 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၀ ဘီလီယံရရှိထားပြီး ပြီးခဲ့တဲ့နှစ်ထက် ၁ ဘီလီယံကျော်ပိုမိုရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 222