#Local_News
Published _5 November 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်နောက်ရပ်ကွက်၊ မန္တလေးလမ်း၊ အမှတ် ၇၃ စီ တတိယအလွှာတွင် နေထိုင်ကြသည့် အငြိမ်းစားတက္ကသိုလ်ကထိက ဇနီးမောင်နှံနှစ်ဦးအား သတ်ခဲ့ကြသူများမှာ အဆိုပါ နေအိမ်တိုက်ခန်းသို့ ရေသန့်ပို့ကြသူ ၃ ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းက သိရသည်။

 

လက်ရှိတွင် ကျူးလွန်သူများအား နိုဝင်ဘာလ ဆန်းရက်က ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ရာ ရန်ကုန်သို့ ခေါ်ဆောင်လာကာ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၌ စစ်ဆေး၍ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်က ရူပဗေဒကထိကအငြိမ်းစားကျောင်းဆရာ ဦးမြင့်ဝေ(တက္ကသိုလ် ကြယ်ပွင့်) နှင့် အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်း(မချယ်ရီ)တို့ ဇနီးမောင်နှံကို နေအိမ်တွင် ဓားဖြင့်ထိုးသတ်ထားသည့် ဒဏ်ရာများဖြင့် တွေ့ခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ရေသန့်ပို့သူများမှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း နေထိုင်သူများ ဖြစ်ကြောင်း၊ ဇာတိမှာ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းအရလိုက်လံ စစ်ဆေးဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းမိသူများထဲမှ တစ်ဦးမှာ အငြိမ်းစားကျောင်းဆရာနှင့် အငြိမ်းစားကျောင်းဆရာမကြီးတို့နေအိမ်သို့ အမြဲအဝင်ထွက်နေသူ ဖြစ်ကြောင်းလည်း သိရသည်။

 

စာပေဗိမာန်စာမူဆုနှင့် အမျိုးသား စာပေဆုများရရှိခဲ့သူ စာရေးဆရာကြီး ဦးမြင့်ဝေ(တက္ကသိုလ် ကြယ်ပွင့်)မှာ ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်ရှိပြီဖြစ်ကာ ဇနီးဖြစ်သူ အငြိမ်းစားကျောင်းဆရာမ ဒေါ်ခင်ခင်စန်း(မချယ်ရီ)မှာ အသက် ၇၀ အရွယ်ရှိပြီဖြစ်ကာ ယင်းတို့နှစ်ဦး၏ ရုပ်အလောင်းကို အောက်တိုဘာလ ၃၁ ရက်တွက် ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပြီးဖြစ် ကြောင်းလည်း နှင့် ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ရက်လည် ဆွမ်းကပ်အလှူပြုလုပ်ခဲ့ကြကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group