#Local_News
Published _ 3 november 2022

 

နေစားငြိမ်း ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်လာရောက်သူ ထောင်ဂဏန်းကျော်ရှိကြောင်း စေတီတော်ဂေါပကအဖွဲ့က သိရသည်။

 

"ဒီနေ့ မွန်းလွဲ တစ်နာရီကျော် အချိန်ထိဆိုရင် လူပေါင်းတစ်ထောင့်တစ်ရာကျော်ပါပြီ၊ ဆက်ပြီးတော့ တက်နေကြတာလည်း ရှိနေပါသေးတယ်။မနက်ဖြန် လာမယ့်သူက ပိုများနိုင်ပါတယ်"ဟု ဂေါပက အဖွဲ့တာဝန်ရှိသူကပြောသည်။

 

တန်ဆောင်တိုင်ကာလ ကျိုက်ထီးရိုးဘုရားဖူးများအနေဖြင့် နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်တို့တွင် လာရောက်သူများအား တောင်တက်ကား အခမဲ့၊ ဟိုတယ်နှင့်တည်းခိုခန်းများ အခမဲ့နေထိုင်နိုင်ရေးကို စီစဉ်ထားသည့်အပြင် စားရေးအတွက်လည်း စတုဒီသာကျွေးမွေးမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းအစီအစဉ်ကို စေတီတော် ဂေါပကအဖွဲ့၊ တောင်တက်မော်တော်ယာဉ်၊ ရင်ပြင်တော်ဈေးကော်မတီအဖွဲ့၊ ရင်ပြင်တော်ရှိဟိုတယ်နှင့် တည်းခိုဆောင်များအဖွဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်းဂေါပကအဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

ပင်လယ်ရေ မျက်နှာပြင်အထက် အမြင့် ၃၆၁၅ ပေတွင်တည်ရှိနေသော ရသေ့ဦးခေါင်းသဏ္ဍာန် ကျောက်လုံးတော်ကြီးဖြင့် တည်ထားသည့် ကျိုက်ထီးရိုးစေတီတော်ကြီးသည် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း တည်ရှိသော စေတီတော် ဖြစ်သည်။

 

#ymg/mt
#Yangon_Media_Group