#Local_News
Published _ 3 november 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆) ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် မြန်မာ့စိတ်ရင်းပရဟိတအဖွဲ၏ အခမဲ့သားသတ်လွတ်ထမင်းဆိုင်ရှိ ကထိန်ပဒေသာပင်မှ ငွေများနှင့် ရေမော်တာများ ဖောက်ထွင်း ခိုးယူခံခဲ့ရကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂ ရက် ညပိုင်းက ဆိုင်အတွင်း ဖောက်ထွင်းဝင်ရောက်ကာ ခိုးယူသွားခြင်း ဖြစ်ကြောင်းအဆိုပါ အသင်းရဲ့တာဝန်ရှိသူထံမှသိရသည်။

 

"ဆိုင်ကို သူခိုးဝင်ခိုးတာပါ၊ အခုက ကထိန်အတွက်လုပ်ထားတဲ့ ပဒေသာပင်က ပိုက်ဆံတွေပါ ဝင်ခိုးတယ်ဆိုတာကတော့ ဒါက မဖြစ်သင့်ဘူးလေ။ ပဒေသာပင်ကိုအထဲမှာ သော့ခတ်ပြီးထားတာ အဲဒါကိုအပြင်ကနေ သံဇကာတွေကို ညှပ်ပြီးတော့ ပဒေသာပင်မှာချိတ်ဆွဲထားတဲ့ပိုက်ဆံတွေကို အတွဲလိုက်ဖြုတ်ခိုးသွားတာ။ ကျွန်တော်အခမဲ့ ထမင်း ဆိုင်ကို ဒီမှာမဖွင့်တော့ပါဘူး အပြင်ထွက်
ဝေတဲ့ အစီစဉ်ပဲလုပ်ပါတော့မယ်။ ၅ရက်လုံးအပြင်မှာပဲ ဝေပါတော့မယ်။ ဆိုင်နေရာပြောင်းပြီးမှ ဆိုင်မှာကျွေးတာ ပြန်လုပ်ပါမယ်။ ဆိုင်ကိုမပိတ်ပါဘူး နေရာရွေ့မှာပါ "ဟုမြန်မာ့စိတ်ရင်းပရဟိတအဖွဲ့က ကိုမိုးမာန်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

 

အဆိုပါ မြန်မာ့စိတ်ရင်း အခမဲ့သားသတ်လွတ် ထမင်းဆိုင်သည် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၆) ရပ်ကွက်၊ ပုဂံလမ်းမကြီးပေါ် ရှိ ဝနဝါသီဘုန်းကြီးကျောင်းရှေ့တွင် ဖွင့်လှစ်ထားသော ဆိုင်ဖြစ်သည်။

 

ယင်းဆိုင်က နေ့ရက်အလိုက် နွမ်းပါးလူဦးရေ (၁၀၀)ကျော်အား ကျွေးမွေးလှူဒါန်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

 

#ymg/NN
#Yangon _ Media_ Group