#Local_News
Published _ 29 October 2022

 

ဒါရိုက်တာမိုက်တီး၊ တေးသံရှင်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။

 

ယင်းတို့ သုံးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် အောက်တိုဘာလ(၂၈) ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကာ နေအိမ်သို့ ပြန်လည်ရောက်ရှိကြခြင်း ဖြစ်သည်။ "ဟုတ်ပါတယ်၊ သူတို့ ပြန်လွတ်လာတယ်ဆိုတာ မှန်ပါတယ်"ဟု နစက သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။

 

တေးသံရှင်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့နှစ်ဦးမှာ ၂ဝ၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး ၈လအကြာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

 

ဒါရိုက်တာ မိုက်တီးရင်ဆိုင်နေရာသော ပုဒ်မ ၅၀၅- က နှင့်ပတ်သက်၍ လက်ရှိတွင် စစ်ဆေးနေသောအဆင့်တွင် ရှိနေသေးသော်လည်း အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း၊ ယင်းကို တာမွေမြို့နယ်ရဲစခန်းက ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

ဒါရိုက်တာမိုက်တီးကို ၂၀၁၈ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆ (ဂ)ဖြင့် ဖမ်းဆီးအရေးယူခဲ့ရပြီးနောက် အူမကြီးကင်ဆာဝေဒနာခံစားနေရသည့်အတွက် အာမခံဖြင့်ပြန်လည်လွှတ်ပေးခဲ့သေးကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group