#Local_News
Published _ 29 october 2022

 

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း ရေနစ်ပျောက်ဆုံးသွားသည့် အသက် ၄၀နှစ်ရှိဟု ယူဆရသည့် အမျိုးသား၏ ရုပ်အလောင်းအား ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

 

နံနက် ၉ နာရီခန့်က ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများနှင့်ရပ်ကွက်နေသူများက ရေကန်အတွင်းရှာဖွေနေရာမှ ယခုလို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေပေါင်းပြီး မနက်မိုးလင်းထဲက ရှာဖွေရေးလုပ်ခဲ့ပါတယ်။ ရှာနေရင်း မနက် ၈ခွဲကျော်လောက်မှာ အလောင်းကိုပြန်တွေ့ခဲ့တာပါ မနေ့ကလည်း ဖြစ်စဉ်သိတဲ့အချိန်က စပြီး ရှာဖွေရေးတွေလုပ်ခဲ့ပါတယ်" ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံမှ YMG ကို ပြောခဲ့သည်။

 

သေဆုံးသူ၏ ရုပ်အလောင်းအား ပေးဆပ်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေး ရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သူကဆိုသည်။

 

ယင်းအမျိုးသားသည် အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းက ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

ထိုရေကန်တွင် အောက်တိုဘာလ ၂၀ ရက်ကလည်း အမျိုးသား ၁ဦး ရေနစ်သေဆုံးခဲ့သဖြင့် ရှာဖွေကာ သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲ ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရသည်။

 

#ymg/NN
#Yangon_Media_Group