#Local_News
Published_ 19 October 2022

 

မွေးရာပါ အူများဝမ်းဗိုက်အပြင်သို့ရောက်ရှိနေသည့် ကလေးငယ်အား စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် အောင်မြင်စွာ ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊

 

မွေးရာပါ အူများ ဝမ်းဗိုက်အပြင်သို့ ရောက်ရှိနေသည့် (Gastroschisis with preterm low birth weight) အသက် (၄)ရက်သား မွေးကင်းစကလေး မိန်းကလေး Baby နန်းမွေဖောင်ကို ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီး၌ ပါမောက္ခ(ခွဲစိတ်) ပါမောက္ခ‌‌‌‌ဒေါက်တာအောင်ခိုင်ဇံ၊ လက်ထောက်ဆရာဝန် ဒေါက်တာ ထက်အောင်ကျော်နှင့် ပါမောက္ခ(မေ့ဆေး) ‌ဒေါက်တာဖုန်းမြင့်တို့ ဦးဆောင်သောအဖွဲ့က အူများကို ဝမ်းဗိုက်အတွင်းပြန်လည်ထည့်သွင်းပေးသည့် ခွဲစိတ်ကုသမှု (Primary Closure)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

 

ကိုယ်ဝန်လမစေ့သေးသော်လည်း ရေမွှာပေါက်ခြင်းကြောင့် အဆိုပါကလေးငယ်ကို ၂၀၂၂-ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့၊ ညနေ (၆:၁၅)နာရီ အချိန်တွင် ရှမ်းပြည်နယ်၊ ခိုလမ်ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀)၌ အရေးပေါ်ရိုးရိုးမွေးဖွားပေးခဲ့ခြင်းဖြစ်ပြီး မွေးဖွားချိန်တွင် ကလေးငယ်မှာ ကိုယ်အလေးချိန် (2.2 kg) ရှိခဲ့ပါကြောင်းနှင့် ယင်းနေ့ ည (၈:၀၀)နာရီအချိန်တွင် ခိုလမ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာလင်းထင်ကျော်နှင့် အဖွဲ့က ဝမ်းဗိုက်အပြင်ဘက် ရောက်ရှိနေသည့်အူများကို အရေးပေါ်ယာယီကုသမှု ဆောင်ရွက်ပေးခဲ့ကာ စက်တင်ဘာလ(၂၇)ရက်တွင် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးပိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်၊၊

 

အဆိုပါ ကလေးငယ်၏ ကျန်းမာရေးအခြေအနေကောင်းမွန်သောကြောင့် အောက်တိုဘာ(၃)ရက်တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး အောက်တိုဘာ(၁၁)ရက်တွင် ရက်ချိန်းပြန်လည်ပြသခဲ့ပြီး ကျန်းမာရေးကောင်းမွန်ပါကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group