#Local_News
Published_ 27 June 2022

၂၀၂၂ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် ရတနာပုံတော်လှန်ရေးအမည်ခံ အကြမ်းဖက်အဖွဲ့မှ အကြမ်းဖက်သမား ၆ ဦးသည် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကမ္ဘောဇဘဏ်ခွဲ (၉)သို့ ဝင်ရောက်၍ ဘဏ်ဝန်ထမ်းများအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် ၄၄၉ သိန်းအား ဓါးပြတိုက်ရာတွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့သူ ဆရာစွမ်း(ခ) ထက်ရှိင်းဇော်အား အသေဖမ်းဆီးရမိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပါတယ်။

 

ဇွန် ၂၅ ရက်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ Lotteria ကြက်ကြော်ဆိုင်၌ ဆရာစွမ်း(ခ) ထက်ရှိင်းဇော်အားတွေ့ရှိသဖြင့် ဖမ်းဆီးစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်ထွက်ပြေးသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ Glock အမျိုးအစား ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ်၂ ခု၊ ၉မမ ကျည် ၁၉ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါ ဖြစ်စဉ်မှ တရားခံများအား ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင် ညောင်ဦးမြို့၊ သာယာဝတီရပ်၊ အမှတ်(၁)ရပ်ကွက်၌ ဘဏ်ဓါးပြတိုက်မှု ကျူးလွန်ခဲ့တဲ့ ကောင်းခန့်နောင်၊ သန်းထွန်းဇော်၊ မျိုးမင်းသန့်၊ ပပလင်း၊ သဉ္ဇာလင်းနှင့် လဲ့လဲ့ဝေတို့ ၆ ဦးအား ဖမ်းဆီးရမိခဲ့ပါတယ်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ သန်းထွန်းဇော်၊ ကောင်းခန့်နောင်၊ ဆရာစွမ်း(ခ)ထက်ရှိင်းဇော်တိုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ခရိုင်၊ ကနီမြို့နယ်ရှိ ကနီ PDF တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း ၁ လ တက်ရောက်ခဲ့ပြီး ရတနာပုံတော်လှန်ရေးအဖွဲ့အား ဆရာစွမ်း(ခ) ထက်ရှိင်းဇော်မှ ခေါင်းဆောင်၍ အင်အား ၂၅ ဦးဖြင့် ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ymg-mnn
#Yangon_Media_Group