#LocalNews
Published - 24Mar 2022

 

မတ်လ ၂၃ရက်နေ့ ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးက ညမထွက်ရဒေသန္တရအမိန့်ကို လိုက်လံကြေညာပြီး နေအိမ်သို့အပြန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။

 

ဖြစ်စဥ်မှာ မတ်လ ၂၃ရက် ည ၉ နာရီ အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ညောင်ကျေးရွာပန်းလှိုင်လမ်းနှင့် ဂေါက်ကွင်းပတ်လမ်းထောင့်နေရာတွင် ရာအိမ်မှူး(၁)ဦး ပစ်ခတ်ခံရမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့က အဖွဲ့ဖြင့် သွားရောက်စိစစ်ခဲ့ရာ ရာအိမ်မှူး ဦးလှထွန်းနိုင် မင်းကြီးမဟာမင်းခေါင်လမ်း၊ ညောင်ကျေးရွာနေသူထိုင်သူသည် ကျေးရွာအတွင်း ရာဇဝတ်ကျင့်ထုံးပုဒ်မ-၁၄၄ အရ ည ၁၂ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရ ဒေသန္တရအမိန့်အား အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လိုက်လံကြေညာခဲ့ပြီး နေအိမ်သို့အပြန် ဆိုင်ကယ်(စိစစ်ဆဲ)၊ လူ(၂)ဦး စိစစ်ဆဲမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

 

"ရာအိမ်မှူးဖြစ်သူက ညမထွက်ရအမိန့်ပြင်ဆင်တာကို လိုက်လံကြေညာပြီး အိမ်အပြန်မှာ ပစ်ခတ်ခံရတာပါ။ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

 

ပစ်ခတ်မှုကြောင့် ရာအိမ်မှူး လှထွန်းနိုင်၌ ဝမ်းဗိုက်ထိမှန်ဒဏ်ရာ(၁)ချက်၊ ယာခြေထောက်(ဒူးခေါင်းအောက်) ထိမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ) ရရှိခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှ NRC LUGER ကျည်ခွံ(၃)ခု တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ လှထွန်းနိုင်အား ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသမှုခံယူစေလျက်ရှိတယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group