#LocalNews
Published -24 Mar 2022

 

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့၊ပြည်တော်သာ (စစ်တွေ) - ရေချမ်းပြင် လမ်းပိုင်းတွင် RBE ရထားပြန်လည်ပြေးဆွဲမှုကို မတ်လ ၂၄ရက်နေ့ ယနေ့မှ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရပါတယ်။

 

ယနေ့ နံနက်ပိုင်းတွင် ပြန်လည်ပြေးဆွဲခြင်းအခမ်းအနားကို ပြည်တော်သာဘူတာတွင်ကျင်းပခဲ့ပြီးအခမ်းအနားကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ(အောက်မြန်မာပြည်)နှင့်တာဝန်ရှိ သူများတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်းခရီးစဉ်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ရထားပြေးဆွဲရေးလုပ်ငန်းများကို ယာယီရပ်နားခဲ့ပြီး ယခုပြန်လည်ပြေးဆွဲပေးနိုင်ရေးအတွက် သံလမ်းတာဘောင် ရေတိုက်စားမှု ပြုပြင်ထိန်းသိမ်းခြင်း၊ ရာသီဥတုဒဏ်ကြောင့် မြေသားတာဘောင်နိမ့်ဆင်းသည့် ပေ ၄၀ အရှည်ဇောပူဂျာ တံတားအား ဘေလီတံတားထိုးပြုပြင်၍ ရထားပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တော်သာ(စစ်တွေ)-ရေချမ်းပြင် လမ်းပိုင်သည် စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်များတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစေရေး၊ ရေချမ်းပြင်နှင့်စစ်တွေကြားရှိ ကျေးရွာများမှ ပြည်သူများဈေးရောင်းဈေးဝယ် အဆင်ပြေစေရေး၊ ပြည်တော်သာ(စစ်တွေ) မှ ရေချမ်းပြင်ကြားရှိကျေးရွာများသို့ အဆင်ပြေစွာ ခရီးသွားလာနိုင်ရေးတို့အတွက် ရထားအားပြန်လည်ပြေးဆွဲပေးခြင်းဖြစ်ကာ အသွားအပြန်ခရီးအတွက် ယခင်နှုန်းထားအတိုင်း ငွေကျပ် ၃၀၀ ဖြစ်ကြောင်းသိရပါတယ်။

 

ထိုသို့ ရထားပြေးဆွဲရာတွင် RBE ရထားသည် ပြည်တော်သာဘူတာမှ နံနက် ၇နာရီတွင် ထွက်ခွာ ၍ ရေချမ်းပြင်ဘူတာသို နံနက် ၈ နာရီတွင်လည်းကောင်း၊ ရေချမ်းပြင်ဘူတာမှ နံနက် ၁၀ နာရီတွင် ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ နေ့လယ် ၁၁ နာရီတွင်လည်းကောင်း၊ ပြည်တော်သာဘူတာမှ နေ့လယ် ၂ နာရီပြန်လည်ထွက်ခွာ၍ ရေချမ်းပြင်ဘူတာသို့ ညနေ ၃ နာရီတွင်လည်းကောင်း ရေချမ်းပြင် ဘူတာမှ ညနေ ၄ နာရီ ပြန်လည်ထွက်ခွာ၍ ပြည်တော်သာဘူတာသို့ ညနေ ၅ နာရီတွင် လည်းကောင်း အသီးသီးရောက်ရှိမည်ဖြစ်သည်။

 

ရထားပြေးဆွဲခြင်းကို နေ့စဉ်အစုန်၊ အဆန်လေးခေါက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းတစ်လျှောက်တွင် စစ်တွေဘူတာ၊ စစ်တွေတက္ကသိုလ်ဘူတာ၊ ဒါးပိုင်ဘူတာ၊ ဇောပူဂျာဘူတာ၊ မယ်ဇလီဘူတာနှင့် ရေချမ်းပြင်ဘူတာတို့မှာ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group