#LocalNews
Published- 15 Feb 2022

 

ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၇ နာရီ ခန့်က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်ခမ်း မုံးဝီး လမ်းမဘေးမှာ မူးယစ်ဆေးဝါးစွဲနေသူများကို သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

SSPP/SSA မှ တာဝန်ရှိသူတစ်ဦးက " ဒေသခံမိဘပြည်သူများရဲ့ တိုင်တန်းချက်အရ မူးယစ်ဆေးဝါးသုံးစွဲသူ ၊ သူခိုး ၊ ဓားပြ ပေါများလာတဲ့အတွက် တစ်ယောက်ထဲ အပြင်သွားရင်တောင် ကြောက်နေရတယ်၊ ဒါကြောင့် ကျွန်တော်တို့မှာ တာဝန်ရှိတဲ့အတွက် သူတို့ရှိတဲ့နေရာတွေကို အချိန်ယူပြီးလိုက်လှံစုံစမ်းတယ် ၊ နေရာအတိကျသိတော့ ကျွန်တော်တို့ဘက်နဲ့ ဒေသခံပြည်သူတွေပေါင်းပြီး သွားရောက်စစ်ဆေးလိုက်ချိန်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ကျား ( ၉) ယောက်နဲ့ ဆက်စပ် ပစ္စည်းများကို ဖမ်းဆီးခဲ့ရတယ် " လို့ ပြောကြားပါတယ်။

 

ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာအုပ်စု တွန်ဟူးချိုကျေးရွာရှိ တောင်ကြောပေါ်၌ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ( ၈ )ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

 

ဒေသအတွင်းလှုပ်ရှားနေသော ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နဲ့ ပြည်သူများပူးပေါင်းပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူ၊ သုံးစွဲသူများကို ပြင်းပြင်းထန်ထန် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး နောင်များတွင်လည်း မူးယစ်ဆေး၏ ဆိုးကျိုးနှင့်ပြဿနာများ လျော့ကျစေရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA နှင့် ဒေသခံပြည်သူများ အတူတကွပူးပေါင်းပြီး နှိမ်နှင်းသွားမယ်လို့ သိရပါတယ်။

 

မူးယစ်ဆေးဝါးနှင့်ပက်သက်ပြီး ဖမ်းဆီးရမိသူများကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း မူးယစ်ဆေးဝါး၏ ဆိုးကျိုး အသိပညာပေးခြင်း၊ သတိပေးခြင်း နှင့် ပြစ်မှုအလိုက် ထောင်ဒဏ်ချမှတ်ခြင်းများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group