#LocalNews
Published - 15 Feb 2022

 

အိုမီခရွန် ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ ဖြစ်တဲ့ တမူးမြို့တွင် လက်ရှိအချိန်တွင် ကိုဗစ်အတည်ပြု လူနာ (၄၃)ဦးသာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

 

လက်ရှိမှာလည်း တမူးမြို့တွင် အိုမီခရွန် ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ထားနိုင်သည့် အနေအထားမှာရှိနေပြီး
ယခုကူးစက်ခံနေရသော ကိုဗစ်မျိုးကွဲအိုမီခရွန်ရောဂါပိုးမှာ ကူးစက်မှုနှုန်းမြန်သော်လည်း ကူးစက်ခံရသောလူနာများ၏ ကျန်းမာရေးမှာ စိုးရိမ်စရာမတွေ့ရဘဲ အားလုံးကျန်းမာစွာရှိနေတာဖြစ်ပြီး သေဆုံးသူလည်းမရှိခဲ့ဘူးလို့ သိရပါတယ်။

 

"လက်ရှိ ကိုဗစ်လူနာက ၄၀ ကျော် လောက်ပဲကျန်တယ်။ အခုနောက်ပိုင်း ပိုးတွေ့နှုန်းအတော်လေးကျလာတယ်။ ရောဂါကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။ အခုစစ်လို့တွေ့လည်း တစ်ယောက်စ၊နှစ်ယောက်စ လောက်ပါပဲ၊ အရင်လို အများကြီးမတွေ့တော့ဘူး။ ဒါကလည်း ခရီးသွားလာကြမယ့်သူတွေကို စစ်ရင်းနဲ့တွေ့တာပါ။ ပြောရရင်
တမူးမှာက ကိုဗစ်လူနာက ကုန်သလောက်ဖြစ်နေပါပြီ။ နောက်ထပ်တစ်ပတ်၊ ဆယ်ရက်လောက်ဆို ကုန်သလောက်ဖြစ်သွားပါပြီ။ အခုလည်း ဆေးရုံက ဆင်းခွင့်ရသူတွေလည်း အများကြီးရှိနေတယ်။ အတည်ပြုလူနာတွေရဲ့ ရောဂါလက္ခဏာကလည်း ပြင်းထန်မှုမရှိပါဘူး။"လို့ တမူးမြို့ဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

အဆိုပါ တမူးမြို့ မှာ ကိုဗစ်လူနာအများအပြားနှင့် အိုမီခရွန်အတည်ပြုလူနာများကို ပြီးခဲ့သည့်လပိုင်းအတွင်းမှာ တွေ့ ရှိခဲ့တာဖြစ်ပြီး ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က တမူးမြို့ရှိ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွေအပါအဝင် မြို့အဝင်၊အထွက်ဂိတ်များကို ယာယီပိတ်ထားခဲ့ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးတွေကို ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။

 

ဒါ့အပြင် တမူးမြို့တွင် ယခုကူးစက်ခံနေရသော ရောဂါပိုးတွေ့လူနာများမှာ ဝေဒနာပြင်းထန်စွာခံစားနေရသောလူနာများမရှိဘဲ မြို့နေလူထုမှာ ရာသီဥတုအပြောင်းအလွဲကြောင့် နှာစေးချောင်းဆိုးဖြစ်ယုံနှင့် စစ်ဆေးကြည့်ပါက ပိုးတွေ့ ရှိအဖြေထွက်ပြီး ဆေးရုံတွင်နေရသော(၁၀)ရက်အတွင်းဝေဒနာပြင်းထန်စွာခံစားနေရသော လူနာများမရှိသလောက်ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

 

ဒါ့အပြင် သတ်မှတ်ရက်ပြည့်ပြီး ဆေးရုံမှဆင်းခွင့်ရသူများလည်း အများအပြားရှိခဲ့သည့်အတွက် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တမူးမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၄၃ ဦးသာ ကျန်ရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

 

ထို့အပြင် ကျန်ရှိနေသည့် ပိုးတွေ့လူနာများကိုလည်း ဆေးဝါးကုသမှုတွေကို ဆက်လက်ပြုလုပ်ပေးနေတယ်လို့ တမူးမြို့ရှိ ကိုဗစ်အရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။

 

ဓါတ်ပုံ - တမူးဇွဲမာန်

ymg/kg
#Yangon_Media_Group