#LocalNews
Published - 15 Feb 2022

 

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီးတွင် မြန်မာ့ရိုးရာထမနဲလှူဒါန်းခြင်းနှင့် ဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဒီကနေ့( ဖေ ဖော်ဝါရီ ၁၅ ရက်)၊ နံနက် ၅ နာရီခွဲ(အာရုဏ်တက်ချိန်)မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

ရွှေတိဂုံစေတီတော်ကြီး၌ ယနေ့ပြုလုပ်ခဲ့တဲ့ (၁၅)ကြိမ်မြောက်၊ မြန်မာ့ရိုးရာထမနဲလှူဒါန်းခြင်း၊ ဆွမ်းတော်ကြီးဆက်ကပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ရာ စေတီတော်ကြီး၏ ကုသိုလ်တော်ကိစ္စအဝဝ တာဝန်များကိုဆောင်ရွက်နေကြ သော ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ပထမဦးစွာ"နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ ထို့နောက် နဝင်္ဂသီလခံယူဆောက်တည်ခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

ထို့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး(ဝါ)မြတ်စွာဘုရားရှင်တို့အား ရည်မှန်း၍ ထမနဲဆွမ်း၊ ပန်း၊ ရေချမ်း၊သစ်သီး၊ ဆီမီးနံ့သာများ ဆက်ကပ်လှူဒါန်းခြင်း၊ ဘုရား၊တရား၊သံဃာ့ဂုဏ်တော်များ ရွတ်ပွားပူဇော်ခြင်း၊ ဒိသာဖရဏမေတ္တာပွားခြင်း၊ မေတ္တာသုတ်တော်လာအရပ်ဆယ်မျက်နှာမေတ္တာပို့ခြင်း၊ ဆုတောင်းအမျှဝေခြင်းတို့ပြုကြပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဓါတ်ပုံ - ရွှေတိဂုံစေတီတော် (ဂေါပကအဖွဲ့)

 

ymg/kg
#Yangon_Media_Group