Published 10 Feb 2022

မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်တို့ဟာ ကမ္ဘာ့ဒီမိုကရေစီအဆင့်သတ်မှတ်ချက်အရ မြောက်ကိုးရီးယားနိုင်ငံရဲ့အောက် အဆင့်သတ်မှတ်ချက် အနိမ့်ဆုံးနေရာတွေထဲ ကျရောက်သွားတယ်လို့ အီကော်နောမစ်မဂ္ဂဇင်း၊ Economist Intelligence Unit ရဲ့ အစီရင်ခံစာအသစ်အရသိရကြောင်း ဂျပန်မီဒီယာ နစ်ကေးအေးရှားက ရေးသားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းဆည်းလိုက်တာနှင့်အာဖဂန်မှာ တာလီဘန်တို့သိမ်းယူလိုက်တာကြောင့် နှစ်နိုင်ငံရဲ့ ဒီမိုကရေစီ အဆင့်ဟာ သိသိသာသာပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် အာရှဒေသတစ်ခုလုံးရဲ့ အဆင့်ဟာလည်း မနှစ်က ၅.၆၂ အညွှန်းမှတ်ကနေ ၅.၄၆ အညွှန်းမှတ်သို့ကျဆင်းသွားရတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ ယခင်က အညွှန်းမှတ်၃.၀၄ ရှိနေရာကနေ ယခု ၁.၀၂သို့ကျဆင်းသွားပြီး အာဖဂန်နစ္စတန်ဟာ ယခင် ၂.၈၅ရှိခဲ့ရာမှ ၀.၃၂ သို့ကျဆင်းသွားရတာဖြစ်ပါတယ်။

“ အားကောင်းတဲ့ဒီမိုကရက်တစ်အဖွဲ့အစည်းတွေနှင့် တည်ငြိမ်တဲ့ လူမှုအခြေအနေ၊ ကျယ်ပြန့်စွာထောက်ခံမှုရတဲ့ ဒီမိုကရေစီနည်းအရ ရွေးကောက်ခံရတဲ့ အစိုးရတစ်ရပ်တို့ ပျက်ကွက်နေခြင်းဟာ ရန်လိုတဲ့နိုင်ငံရေးအင်အားစုတွေနှင့် ရုတ်တရက်ပြောင်းပြန်လှန်မှုတွေဖြစ်စေခဲ့ပါတယ်” လို့ အစီရင်ခံစာမှာဖော်ပြထားတယ်လို့ သတင်းကဆိုပါတယ်။

တစ်ဖက်မှာ အင်ဒိုနီးရှားဟာ အဆင့်၅၂နေရာကနေ အဆင့်၁၂ကို ခုန်တက်သွားပါတယ်။ ဒါဟာ နိုင်ငံပေါင်း ၁၆၇နိုင်ငံမှာ ဒုတိယမြောက်အကြီးမားဆုံးတိုးတက်မှုဖြစ်ခဲ့ပါတယ်။

အာရှဒေသထဲက နိုင်ငံ၂၈နိုင်ငံအနက် ၈နိုင်ငံဟာ ညွှန်းမှတ်တွေစံချိန်တင်ကျဆင်းခဲ့ပြီး အဲဒီအထဲမှာ တရုတ်လည်းပါဝင်ခဲ့ပါတယ်။ တရုတ်ဟာ အဆင့် ၁၄၈နေရာရောက်သွားပါတယ်။ပုဂ္ဂလိကကော်ပိုရေးရှင်းတွေရဲ့ ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းတွေမှာ အစိုးရရဲ့ပါဝင်ပတ်သက်မှုတွေတိုးလာတာကြောင့် ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုအခွင့်အရေးတွေအားနည်းခဲ့ရပါတယ်။ အဲဒါကြောင့် ညွှန်းကိန်းကျဆင်းသွားတာလို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Source NikkeiAsia