၂၃ မေ ၂၀၂၄

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန် ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို နစက၏ ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက် ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၇၅/၂၀၂၄)ဖြင့်ဖွဲ့စည်းပေးခဲ့ကြောင်းသိရှိရပါတယ်။

အဆိုပါ ဧရာဝတီမြစ်ဆုံ- မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် လျှစ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် က ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးတို့ကဆောင်ရွက်ကြမည်ဖြစ်ပြီး အဖွဲ့ဝင်(၉)ဦးပါဝင်ကြပါတယ်။

အဆိုပါအဖွဲ့ဟာ လုပ်ငန်းတာဝန်(၅)ရပ်ကို ဆောင်ရွက်ရမှာဖြစ််တယ်လို့သိရပါတယ်။

အဲဒါတွေကတော့

(က) SPIC Yunnan International Power Investment Co, Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်၊

( ခ ) SPIC Yunnan International Power Investment Co.Ltd (SPICYN) ၏ ဦးဆောင်အဖွဲ့နှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း၏ အဓိကကိစ္စရပ်များအပေါ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့တို့အား လမ်းညွှန်မှုပေးခြင်းနှင့်ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ဆောင်ရွက်ရန်၊

( ဂ ) လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့တင်ပြဆောင်ရွက်ရန်၊

(ဃ) နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းနိုင်ရေးဆောင်ရွက်ရန်၊

( င ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရများအကြား စီမံကိန်းကိစ္စများညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်

တို့ဖြစ်တယ်လို့ နစကအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ အမိန့်ကြော်ငြာစာမှာဖော်ပြထားပါတယ်။

@ymg/knl