၂၅ ဧပြီ ၂၀၂၄

မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေလျော့ပါးသွးပြီး ငြိမ်းချမ်းရေးရရှိစေဖို့အတွက် အာဆီယံနိုင်ငံ (၃)နိုင်ငံနှင့်အထက် ညီညွတ်စွာအတူလက်တွဲပြီး မြန်မာနစက အစိုးရနှင့် ထိတွေ့ဆက်ဆံမှုတွေပြုလုပ်သွားဖို့ ထိုင်းနိုင်ငံက အဆိုပြုလိုက်တဲ့ အကြောင်း ဘန်ကောက်ပို့စ်သတင်းအရသိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကော်ဒက်ချ်ဘာလန်ကူရာက “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပြန်လည်ဖြစ်ထွန်းစေဖို့ ထိုင်းနိုင်ငံဟာ  အာဆီယံ ထရွိုင်ကာ (အာဆီယံသုံးနိုင်ငံတွဲ) ဒါမှမဟုတ် ထရွိုင်ကာပလပ်စ် (သုံးနိုင်ငံတွဲ နှင့်အပေါင်း)အစည်းအဝေးတွေကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပပေးနိုင်ဖို့ အာဆီယံလက်ရှိဥက္ကဋ္ဌ  လာအိုနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေပါတယ်”လို့ ဗုဒ္ဓဟူးနေ့ကပြောပါတယ်။

အာဆီယံထရွိုင်ကာဆိုတာက လက်ရှိမတိုင်ခင်ဥက္ကဋ္ဌ ၊လက်ရှိဥက္ကဋ္ဌ၊ နှင့် လာမည့် ဥက္ကဋ္ဌ သုံးနိုင်ငံ ( အင်ဒိုနီးရှား၊လာအိုနှင့် မလေးရှား) တို့ကိုဆိုလိုတာဖြစ်ပြီး ထရွိုင်ကာပလပ်စ် ဆိုတာကတော့ မြန်မာ့ငြိမ်းချမ်းရေး ဒါမှမဟုတ်မြန်မာ့အကျပ်အတည်း အပေါ်စိတ်ပူနေကြတဲ့ အာဆီယံနိုင်ငံတွေကို ညွှန်းဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အဆိုပြုအစည်းအဝေးတွေ ကျင်းပဖွယ် ရှိကြောင်းနှင့် မြန်မာနစက နှင့် ခုခံရေးအုပ်စုတွေအကြား ထိုင်းက စေ့စပ်ညှိနှိုင်းပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း မစ္စတာနီကော်ဒက်ချ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဟာ ထိုင်းနိုင်ငံတစ်နိုင်တည်းတင်မကဘဲ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံတွေအပေါ်လည်း ရိုက်ခတ်နေပါ တယ်လို့ သူကအလေးပေးပြောပါတယ်။

“ ထိုင်းနိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် ထောက်ခံအားပေးတဲ့နိုင်ငံဖြစ်တယ်။ အဲဒါကြောင့် တက်ကြွတဲ့ ငြိမ်းချမ်းရေး တိုးမြှင့် လုပ်ဆောင်သူအဖြစ်ရပ်တည်ဖို့ အရေးကြီးတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေ အကြား စေ့စပ်ညှိနှိုင်းပေးသူအဖြစ် အဆင်သင့်ဖြစ်နေတယ်” လို့ သူကပြောပါတယ်။

စစ်ဘေးရှောင်တွေအများစု မြန်မာနိုင်ငံကိုပြန်သွားကြပြီဖြစ်လို့ အခြေအနေက သိပ်အစိုးရိမ်စရာကြီးမဟုတ်တော့ဘူး။ ထိုင်း နိုင်ငံအပေါ်သက်ရောက်မှုက အကန့်အသတ်ဆက်ရှိနေတယ်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်ရေးအပေါ်ဖြစ်ပြီး အဲဒါက ယာယီအကန့်အသတ်လို့ မျှော်လင့်ထားတယ် လို့လည်း မစ္စတာ နီကော်ဒက်ချ်က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်အခြေအနေကို ကြီးကြပ်ဖို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပန်ပရီ ဘဟီဒါနူကာရာ ဦးဆောင်တဲ့ အစိုးရကော်မတီက ဆပ်ကော်မတီတွေဖွဲ့စည်းဖို့ စဉ်းစားနေပါတယ်။

မြန်မာ-ထိုင်းနယ်စပ်တလျောက် လွန်ခဲ့တဲ့ ၄၈နာရီအတွင်း အခြေအနေကတိုးတက်မှုရှိလာနေတယ် ဘာဖြစ်လို့လဲ ဆိုတော့ ဒေသခံတွေက ပစ်တာခတ်တာတွေမရှိတော့ဘူးလို့ပြောကြလို့ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒါပေမယ့် အပြောင်းအလဲ ရှိနိုင်တဲ့ အခြေအနေတွေကို ကော်မတီက မျက်ခြည်မပြတ်စောင့်ကြည့်မှာဖြစ်တယ်လို့သူကပြောပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဘက်ပေါင်းစုံကသူတွေအနေနှင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားဟာ နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းရဲ့ အချက်အခြာနေရာလို့ သိနားလည်သွားတာနှင့် မကြာမီပြန်လည်ဖွင့်နိုင်မယ်လို့ သူကမျှော်လင့်ထားပါတယ်။

မဲဆောက်မှာနောက်ဆုံးကျန်နေတဲ့ မြန်မာနိုင်ငံက စစ်ဘေးရှောင် ၆၅၈ ဦးဟာ မြဝတီအခြေအနေတိုးတက်လာလို့ သူတို့ဘာသာသူတို့ပြန်လိုတယ်လို့ သဘောတူထားကြကြောင်း ဒေသခံအာဏာပိုင်တွေထံမှသိရပါတယ်။

@ymg/knl