၂၄ ဖေဖော်ဝါရီ ၂၀၂၄

သူရမချစ်ပိုသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော သူရဘွဲ့ရအမျိုးသမီးတစ်ဦးအဖြစ်ဂုဏ်ယူဖွယ် မော်ကွန်းတင်    နိုင်ခဲ့ပြီး စစ်အင်ဂျင်နီယာတပ်ဖွဲ့၏ ဂုဏ်ကိုမြှင့်တင်နိုင်ခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စိန်ရတု   စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ပြုပြောကြားခဲ့ပါတယ်။

၇၅)နှစ်မြောက် စိန်ရတုစစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့အခမ်းအနားကို ဖေဖော်ဝါရီ (၂၄)ရက်က နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး      ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာမှာ ယင်းကို ထုတ်ဖော်ပြောကြားခဲ့ တာဖြစ်ပါတယ်။

၁၉၄၉ခုနှစ် ဖေဖော်ဝါရီ ၂၁ရက်နေ့တွင် KNDO သောင်းကျန်းသူများကမေမြို့ (ယခု ပြင်ဦးလွင်မြို့ )ကို တိုက်ခိုက်  သိမ်းပိုက်ခဲ့ကြရာ အဆိုပါသောင်းကျန်းသူများကို လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ ဇနီး မချစ်ပိုသည် ယင်းတပ်ရင်းမှ အရာရှိ စစ်သည်များနှင့်အတူ ရဲဝံ့စွာဖြင့် KNDO ကို ပြန်လည်တိုက်ခိုက်တိုက်ပွဲဝင်ခဲ့ သူဖြစ်ပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ (၂၄)ရက်နေ့တွင် မေမြို့ကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။

“ အဆိုပါတိုက်ပွဲတွင် လေ့ကျင့်ရေးအင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်လှမောင်၏ဇနီး မချစ်ပို၏ ရဲစွမ်းသတ္တိသည် သမိုင်းတွင် မော်ကွန်းရေးထိုးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မချစ်ပိုသည် စစ်သားဇနီးပီသစွာနှင့် အရေးကြုံ   လာချိန်တွင် အာဇာနည်သူရဲကောင်း စိတ်ဓာတ်နှင့် မိမိအသက်ကို မငဲ့ကွက်ဘဲ တိုင်းပြည်အတွက် စွန့်လွှတ်     စွန့်စားတိုက်ပွဲဝင်ခဲ့သူတစ်ဦးပင်ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးက သူရမချစ်ပိုကို ဂုဏ်ပြုချီးကျူးပြောဆိုခဲ့ပါတယ်။

“မချစ်ပိုသည် သောင်းကျန်းသူများကိုတိုက်ခိုက်ရင်း ၁၉၄၉ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် သောင်းကျန်းသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရပြီး သူရဲကောင်းပီသစွာဖြင့် တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရကြောင်း၊ ထိုသို့     မချစ်ပို၏ သူရဲကောင်းပီသမှုနှင့် ရဲစွမ်းသတ္တိပြည့်ဝမှုများကို ၁၉၅၀ ပြည့်နှစ်မှာ နိုင်ငံတော်က သူရဘွဲ့ပေးအပ်ပြီး အသိအမှတ်ပြုချီးမြှင့်ခဲ့ခြင်းကြောင်း” ဗိုလ်ချုပ်မှူးကြီးက အမှတ်တရပြောဆိုပါတယ်။

 

ထိုသို့ထူးချွန်ပြောင်မြောက်စွာဖြင့် ရဲစွမ်းသတ္တိပြသနိုင်ခဲ့သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့ကို ဂုဏ်ပြုသည့်အနေနဲ့ ပြင်ဦးလွင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် ၁၉၄၉ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်ကို စစ်အင်ဂျင်နီယာတပ်ဖွဲ့နေ့  အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလကတည်းက တပ်မတော်၏ လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်ခဲ့  သည့် စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့်အင်ဂျင်နီယာဆိုင်ရာ နည်းပညာများကို ကြိုးစားလေ့လာပြီး စွမ်းရည်ထက်မြက်သည့်တပ်ဖွဲ့တစ်ခုဖြစ်အောင် ကြိုးစားတည်ဆောင်ကြဖို့  လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်မှာကြားပါတယ်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့၏သမိုင်းကြောင်းကို လေ့လာကြည့်ပါက ၁၉၃၇ ခုနှစ်တွင် အိန္ဒိယပြည် Madras Sapper Miners တပ်မှ ခွဲထွက်ပြီး Burma Sapper Miners တပ်အဖြစ် စတင်သန္ဓေတည်ပေါ်ပေါက်လာသည်ကို တွေ့ရှိရပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့တပ်မတော်တွင်လည်း စစ်အင်ဂျင်နီ ယာတပ်ဖွဲ့သည် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ်ပါဝင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် စစ်ကျန်မြေမြှုပ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး (HumanitarianDemining)လုပ်ငန်းများကို ဆောင်ရွက်နေပြီး အထူး မိုင်းရှင်းလင်းရေးအဖွဲ့ (EOD Squad) များကို စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းများတွင် ဖွဲ့စည်းထားရှိကာ မြို့တွင်း    မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် စစ်ကျန်မကွဲဗုံးသီးများ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး    လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် စစ်အင်ဂျင်နီယာတပ်ဖွဲ့အနေဖြင့်သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများတွင် အင်ဂျင်နီယာပိုင်းဆိုင်ရာ နည်းပညာများ၊ အတတ်ပညာများ၊ စက်၊ယာဉ်၊ ယန္တရားများနှင့် အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်းသိရှိရပါတယ်။

အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)  ဗိုလ်ချုပ် ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု    အဆင့်ပုဂ္ဂိုလ်များ၊နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အငြိမ်းစားစစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

@ymg/knl