၂၄ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာစစ်အစိုးရကိုဆန့်ကျင်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ လှုပ်ရှားမှုများကို စောင့်ကြည့်နေပြီး ယင်းသည် ထိန်းချုပ်နိုင်သည့်အဆင့်မှာရှိနေကြောင်းနှင့် ယင်းကဲ့သို့သော လှုပ်ရှားဆောင်ရွက်မှုများကို အခြားသောမြန်မာ ရွှေ့ပြောင်းဝင်ရောက်လာသူများနှင့်  ကွဲပြားခြားနားစွာဆက်ဆံသင့်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆူတင် ကလန်ဆန်း Sutin Klungsang က ယနေ့ ဖေဖော်ဝါရီ ၂၄ရက် သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

“လတ်တလောအခြေအနေမှာ ဘာတစ်ခုမှ ထူးထူးခြားခြားစိတ်ပူပန်စရာမရှိပါဘူး” လို့ ဆူတင်က ပြောလိုက်ပြီး ထိုင်းနိုင်ငံကို ထွက်ပြေးလာကြတဲ့ မြန်မာရွာသူရွာသားတွေ အရေအတွက်ဟာ သိပ်မများသေးပါဘဲ သူတို့ဟာ သိပ်မကြာခင် အိမ်ကိုပြန်သွားကြလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း သူကပြောပါတယ်။

ထိုင်းနိုင်ငံမှာ အကြာကြီးနေဖို့ ရွှေ့ပြောင်းလာသူတွေပဲ ဆက်နေထိုင်ရလိမ့်မယ် လို့ သူကပြောပါတယ်။ မြန်မာ စစ်အစိုးရက မကြာသေးမီက ကြေညာခဲ့တဲ့ အမျိုးသား အမျိုးသမီး လူငယ်လူရွယ်တွေအတွက် မဖြစ်မနေ  စစ်မှုထမ်းရမယ့် ကြေညာချက်ကြောင့်  လူတွေတစ်ပြုံတစ်မကြီး ဝင်ရောက်လာကြမယ့် အရိပ်လက္ခဏာမတွေ့ရ ဘူးလို့လည်း သူကဖြည့်စွက်ပြောကြားပါတယ်။

သောကြာနေ့က မစ္စတာဆူတင်ဟာ မဲဆောက်နယ်စပ် တက်ခ်ခရိုင်က ဘန်မယ်ကွန်ကန် ရှေ့တန်းကင်းစခန်းသို့ လာရောက်စဉ် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

စခန်းတာဝန်ကျစစ်သားတွေအနေနှင့် နယ်စပ်လုံခြုံရေးအသေအချာထမ်းဆောင်ဖို့သာမကဘဲ မူးယစ်ဆေးဝါး မှောင်ခိုတာလို့ အခြားသော နယ်စပ်ဖြတ်ကျော်မှုခင်းပုံစံတွေကိုလည်း ဖြေရှင်းဖို့လိုတယ်လို့ သူက မှာကြားပါတယ်။

“ ထိုင်းအစိုးရနှင့် လုံခြုံရေးတာဝန်ရှိသူတွေဟာ ထိုင်းမြေထဲမှာ မြန်မာအစိုးရကိုတိုက်ခိုက်ဖို့ ရန်ပုံငွေရှာနေကြတဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေပါတယ်။လက်ရှိမှာ အဲဒါတွေဟာ သိသာထင်ရှားတဲ့ ခြိမ်းခြောက်မှု ဒါမှမဟုတ် စိတ်ပူပန်စရာအဆင့် မရှိသေးပါဘူး” လို့ သူကပြောပါတယ်။

အခြေအနေတွေက ထိန်းချုပ်လို့ရနေပါတယ်လို့ သူကပြောပြီး  ရွှေ့ပြောင်းအလုပ်သမားတွေအားလုံးဟာ မြန်မာ အစိုးရကို ဆန့်ကျင်နေကြသူတွေလို့ ဘယ်တော့မှ မယူဆမိလိုက်ဖို့ အရေးကြီးတယ်လို့လည်း သူကဖြည့်စွက် ပြောပါတယ်။ အဲသလိုယူဆရင် သူတို့အပေါ် အခြေအမြစ်မရှိဘဲ ဆက်ဆံမိသွားကြလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

ထိုင်းအစိုးရအနေနှင့် အရေးယူဆောင်ရွက်ဖို့လိုအပ်လာခဲ့ရင်  အဲဒီအုပ်စုတွေတွေကိစ္စဖြေရှင်းဖို့  သီးခြား ယန္တယားတစ်ခု ထားရှိပြီးဖြစ်တယ်လို့လည်း ထိုင်းကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

Source: Bangkok Post

@ymg/knl