ပြန်ဝယ်ပေးမည့်လက်နက်များတွင် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအထိပါဝင်

၂၂ ဖေဖော်ဝါရီ ၂၀၂၄

မြန်မာနိုင်ငံအထဲက လက်နက်ကိုင်သောင်းကျန်းသူ အုပ်စုတစ်စုအတွက် နျူကလီးယားပစ္စည်းများနှင့်မူးယစ်ဆေး ဝါးများ ပြည်ပသို့ရောင်းချပေးပြီး ယင်းတို့အတွက် လက်နက်များပြန်ဝယ်ပေးတဲ့ဂျပန်လူမျိုး ယာကူဇာ ရာဇဝတ်  ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ နယူးယောက်မှ  သတင်းကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက ယနေ့   ဖေဖော်ဝါရီ ၂၂ရက်မှာ ဖော်ပြရေးသားကြပါတယ်။

ဒါပေမယ့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကိုတော့သတင်းတွေမှာဖော်ပြမထားပါဘူး။

အသက်၆၀အရွယ်ရှိပြီဖြစ်တဲ့ အီဘီဆာဝါနှင့် ၆၁နှစ်အရွယ် ဆင်ဟာဆီရီတို့ဟာ မြန်မာနိုင်ငံမှ လက်နက်ကိုင်  သောင်းကျန်သူတစ်ဖွဲ့ကိုယ်စား မြန်မာနိုင်ငံမှယူရေနီယမ်နှင့် လက်နက်အဆင့်ရှိ ပလူတိုနီယမ်     ပစ္စည်းတွေနှင့် မူးယစ်ဆေးဝါးတွေရယူရောင်းချကာ လက်နက်တွေပြန်ဝယ်ပေးတဲ့ လျှို့ဝှက်ကြံစည်မှုကို ကျူးလွန် ခဲ့ကြတယ်လို့ လက်ထောက်ရှေ့နေချုပ် မက်သျူးအိုဆန်က ပြောတယ်လို့ ရိုက်တာသတင်းရေးသားပါတယ်။

နျူကလီးယားပစ္စည်းတွေကို အီရန်နျူကလီယားလက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုဖို့ဖြစ်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်လို့လည်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌနာရဲ့အကြီးအကဲ အန်နီမီလ်ဂရမ်က   ပြော      ပါတယ်။ နှစ်ဦးစလုံးကို ရမန်ဖြင့်ချုပ်နှောင်ထားတယ်လို့လည်း သတင်းများကဆိုပါတယ်။

သောင်းကျန်းသူအဖွဲ့အတွက် ဝယ်မယ့်စစ်လက်နက်ထဲမှာ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေလည်းပါတယ်လို့ တရားစွဲဆိုချက်မှာဖော်ပြထားပါတယ်။

၂၀၂၀ခုနှစ်ကစပြီး အီဘီဆာဝါဟာ အသွင်ယူထားတဲ့ အရာရှိတစ်ဦးကို သူ့ဆီမှာ နျူကလီးယားပစ္စည်းတွေ အမြောက်အများရောင်းဖို့ရှိတယ်လို့ကြွားဝါပြီး ပုံတွေပါထုတ်ပြခဲ့ပါတယ်။

အဲဒါကြောင့်သူတို့ဟာ ဖမ်းဆီးရမိရေးအတွက်လျှို့ဝှက်စစ်ဆင်ရေးတွေလုပ်နေစဉ်အတွင်း ထိုင်းအာဏာပိုင် တွေကလည်း  အမေရိကန်စုံစမ်းထောက်လှမ်းသူတွေကို အဝါရောင်အမှုန့်နှစ်ထုတ်ပ်ကို သိမ်းဆည်းရမိရေး ကူညီပေးခဲ့တယ်လို့ရိုက်တာသတင်းအရသိရပါတယ်။အဲဒီအမှုန့်ကို တရားခံတွေက အဝါရောင်ကိတ်လို့ ခေါ်ကြပါတယ်။

“ နျူကလီးယားနမူနာထဲမှာတွေ့ရတဲ့ ပလူတိုနီယမ်ရဲ့ အိုင်ဆိုတုပ်ဖွဲ့စည်းပုံအရ ယင်းဟာ လက်နက်အဆင့် ဖြစ်တယ်လို့ အမေရိကန်ဓာတ်ခွဲခန်းက အတည်ပြုဆုံးဖြတ်ပါတယ်။ ဆိုလိုတာကတော့ အဲဒါကိုလုံလောက်တဲ့ အရေအတွက်နှင့်သာဆိုရင် နျူကလီးယားလက်နက်ထုတ်ဖို့သင့်လျော်တဲ့အနေအထားဖြစ်နေတယ်” လို့ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အီဘီဆာဝါရဲ့လက်ထောက်တွေထဲက တစ်ဦးက သူတို့ဆီမှာ Thorium-232 ကီလိုနှစ်ထောက်ကျော်နှင့်  အဝါရောင်ကိတ်လို့သိကြတဲ့ U3O8  ကွန်ပေါင်းထဲ ယူရေနီယမ် ၁၀၀ကီလိုကျော်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။

အီဘီဆာဝါက သူတို့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်သောင်းကျန်းသူတစ်ဖွဲ့ကိုယ်စား လက်နက်တွေ      ဝယ်ဖို့အတွက်နျူကလီးယားပစ္စည်းတွေကိုရောင်းဖို့လုပ်တာလို့ စွဲချက်မှာဖော်ပြထားပါတယ်။

မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဝယ်ဖို့ကြိုးစားတဲ့အတွက် အီဘီဆာဝါဟာ ထောင်ဒဏ်အနည်းဆုံး ၂၅နှစ်ကျခံရဖို့ ရှိနေပြီး နျူကလီးယားပစ္စည်းတွေကို နိုင်ငံတကာမှာတရားမဝင်ရောင်းဝယ်မှုအတွက်လည်း ထောင်ဒဏ် အနှစ် (၂၀) အထိကျခံရဖို့ရှိနေပါတယ်။

အီဘီဆာဝါဟာ ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးသူတို့ဟာ ကမ္ဘာတစ်လွှားမှာ မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုလုပ်နေကြတဲ့  အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ ဂျပန်ရဲ့ရာဇဝတ်ကွန်ယက်ကြီး တစ်ခုဖြစ်တယ်လို့ တရားစွဲဆိုသူတွေက ဖော်ပြကြပါတယ်။

Source: Reuters/AFP