Published 10 February 2024

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့်  မြန်မာနိုင်ငံသားများထဲမှ လာရောက်အခွန်ထမ်းဆောင်သူဦးရေ ၃၆၀၀၀ ဦးခန့် ရှိပြီဖြစ်ပြီး အခွန်ပေးသွင်းမှု အထောက်အထား (ငွေရပြေစာ) ကို နေ့ချင်းပြီး ထုတ်ပေးနေကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

အခွန်စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၁၃)ရက်မှ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ (၈) ရက်အထိ ၃၅၉၁၉ ဦး လာရောက်အခွန်ထမ်းဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၎င်းအပြင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် စုစည်းအလုပ်လုပ်ကိုင်နေသူများအနေဖြင့် တစ်ဦးချင်း လာရောက်အခွန်ထမ်းဆောင်ရန် မလိုအပ်ဘဲ စက်ရုံအစီအစဉ်ဖြင့် ကိုယ်စားလှယ် တစ်ဦး အား အခွန်ထမ်းဆောင်မည့်သူများကိုယ်စား မြန်မာသံရုံးသို့ စေလွှတ်၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်သည် နိုင်ငံကူးလက်မှတ်၌ ရေးသွင်းထားသောအမည် (Name of Passport)၊ ကျား/ မ (Gender)၊ နိုင်ငံကူးလက်မှတ်အမှတ် (Passport Number)၊ မွေးသက္ကရာဇ် (Date of Birth)၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရက်စွဲ (Date of Issue)၊ နိုင်ငံကူးလက်မှတ် ကုန်ဆုံးမည့်ရက် စွဲ (Date of Expire)၊ အခွန်ထမ်းဆောင်ထားသော မြန်မာလုပ်သားများအနေဖြင့် မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သို့ အကြောင်းကိစ္စရှိ၍ လာရောက် ပါက အခွန်ပေးသွင်းမှုအထောက်အထား (ငွေရပြေစာ) ကို ယူဆောင်လာကြရန် အသိပေးထားကြောင်းသိရသည်။

ထို့အပြင် အခွန်ထမ်းဆောင်လိုသည့် မြန်မာနိုင်ငံသားများ အနေဖြင့် မြန်မာသံရုံးသို့ ရုံးဖွင့်ရက်များ၌ နေ့စဉ်လာရောက်အခွန်ထမ်းဆောင်လျက်ရှိပြီး မြန်မာသံရုံးအနေဖြင့် အခွန်ပေးသွင်းမှု အထောက်အထား (ငွေရပြေစာ) ကို နေ့ချင်းပြီး ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ အခွန်ထမ်းပြည်သူများသည် အခွန်ပေးသွင်းမှုအထောက်အထား (ငွေရပြေစာ) များကို စနစ်တကျသိမ်းဆည်းကြရန် လိုအပ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရောက်ချိန်တွင် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာန၌ ဤငွေရပြေစာကို ပြသ၍ ငွေဖြူ (အခွန်ကင်းလွတ်ခွင့်ငွေ) တွက်ချက်ပြီး မြေကွက်၊ နေအိမ်၊ တိုက်ခန်း၊ မော်တော်ယာဉ် စသည်တို့ ဝယ်ယူရာတွင် ဝင်ငွေခွန်ကင်းလွတ်ခွင့် ရရှိရေးအတွက် အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
Yangon_Times/NN
#Local_News
#Published_ 10 February 2024
#YMG_News #Yangon_Times #Yangon_Media_Group