၂၉ ဇန်နဝါရီ ၂၀၂၄

မြန်မာနိုင်ငံရေးအကျပ်အတည်းများကိုဖြေရှင်းရာတွင် မြန်မာကိုယ်ပိုင်ဦးဆောင်သည့် ကျယ်ပြန့်သော နိုင်ငံရေး အဖြေရှာမှုကို အာဆီယံက ထောက်ခံတယ်လို့ ယနေ့ ဇန်နဝါရီ ၂၉ရက်မှာ လာအိုနိုင်ငံ လာအိုနိုင်ငံ လွမ်ပရာဘန်မြို့တွင်ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ကြေညာပါတယ်။

မြန်မာနိုင်ငံ အစိုးရရဲ့ ကိုယ်စားလှယ် အဖြစ် နိုင်ငံရေးကိုယ်စားမပြုသူတစ်ဦးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တအမြဲတမ်းအတွင်းဝန်ဒေါ်မာလာသန်းထိုက်ကို ပထမဆုံးအကြိမ်စေလွှတ်ခဲ့တဲ့ အဆိုပါ အစည်းအဝေးအပြီး သတင်းထုတ်ပြန်ချက်မှာ ယင်းကဲ့သို့ဖော်ပြထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းများဖြေရှင်းရာတွင် ဘုံသဘောတူညီချက်(၅)ချက်က အဓိကကိုးကားရာ အဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့လက်ရှိအကျပ်အတည်းများအပေါ် ငြိမ်းချမ်းပြီးကျယ်ပြန့်မှုရှိကာ ခိုင်မြဲစေမည့် အဖြေများ ရှာဖွေရာတွင် မြန်မာနိုင်ငံသည် အာဆီယံ၏ ပေါင်းစည်းသော အစိတ်အပိုင်းတစ်ခုအဖြစ်ဆက်လက်တည်ရှိနေလို့ အာဆီယံကကူညီမှုပေးဖို့ဆက်လက်ကတိကဝတ်ပြုတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ့အရေးနှင့်ပတ်သက်ပြီး အာဆီယံ၏စည်းလုံးမှုကို ထပ်လောင်းအတည်ပြုပြီး မည်သည့်ဆောင်ရွက်မှုမျိုး  မဆို ဘုံသဘောတူညီချက်(၅) ချက်နှင့် ကိုက်ညီပံ့ပိုးမှုရှိရန်နှင့် အာဆီယံဥက္ကဋ္ဌနှင့်ညှိနှိုင်းဆောင်ရွက်ရန်လည်း သတင်းထုတ်ပြန်ချက်မှာ ထပ်လောင်းအသိပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်အဖြစ် လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး  ဝန်ကြီး ဟောင်း Mr. Alounkeo KITTIKHOUN ကိုခန့်အပ်ခဲတာကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ကြိုဆို ခဲ့ကြပါတယ်။

“သက်ဆိုင်သည့်အဖွဲ့အစည်းများနှင့်ထိတွေ့ဆောင်ရွက်နေသည့် သူ၏ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့  လေးစားသည်။ဒေသတွင်း ငြိမ်းချမ်းကြွယ်ဝရေးကိုပံ့ပိုးပေးသည့် ငြိမ်းချမ်းတည်ငြိမ်ပြီးပေါင်းစည်းသော မြန်မာ    နိုင်ငံသို့ ဦးတည်သည့် မြန်မာပြည်သူများ မြန်မာကိုယ်ပိုင်ဦးဆောင်သည့်အဖြေကိုရှာဖွေရာတွင်  ကူညီမှုပေးရန် သူ၏ ဖြေရှင်းဆောင်ရွက်မှုကို ကျွန်ုပ်တို့ယုံကြည်သည်” လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ယင်းအပြင် အာဆီယံ AHA Centre က ဒုတိယအဆင့်အဖြစ် အာဆီယံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နေမှုတိုးတက်နေမှုကို အစည်းအဝေးက အသိအမှတ်ပြုခဲ့ပါတယ်။အထူးသဖြင့် ၂၀၂၄ခုနှစ်  ဇန်နဝါရီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေနှင့် ဆီဆိုင်မြို့များရှိ နေရပ်စွန့်ခွာ၍ ခဲ့ကြရတဲ့  ပြည်သူများထံ အကူအညီများဖြန့်ဝေပေးနိုင်ခဲ့ပြီး ယင်းကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ပြင်ပမိတ်ဖက်များနှင့်ပုဂ္ဂလိက ကဏ္ဍများမှ လည်း ဒုတိယအဆင့်ပို၍ထိရောက်စွာ  အကောင်အထည်ဖော်နိုင်ရန် အကူအညီများတိုးပေးဖို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ကြ  ပါတယ်။

လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အချိန်မီဘေးကင်းစွာပို့ဆောင်နိုင်ရေးအတွက် လုံခြုံ စိတ်ချရတဲ့ ပတ်ဝန်းကျင်ဖန်တီးနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ပေးကြဖို့လည်း အစည်းအဝေးကတိုက်တွန်းခဲ့ပါတယ်။

“ အဖွဲ့များအားလုံး အဆုံးစွန်သည်းခံကြရန်၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ ထိန်းသိမ်းကြပါရန်နှင့် အရပ်သားအားလုံးကို အကာအကွယ် လုံခြုံမှု အသေအချာပေးနိုင်ရန် လိုအပ်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ကြရန် ကျွန်ုပ်တို့ တိုက်တွန်းသည်” လို့လည်း အဆိုပါသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံအကြား ယင်းတို့၏ ကြက်ခြေနီအဖွဲ့အစည်းများမှတစ်ဆင့် နယ်စပ်တလျောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများမြှင့်တင်ဆောင်ရွက်နေမှုတွေကိုလည်း အာဆီယံနိုင်ငံခြားရေး  ဝန်ကြီးတွေက ကြိုဆိုခဲ့ပါတယ်။

အာဆီံယံဘုံသဘာတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရာတွင် အာဆီယံ၏ စုပေါင်းအားထုတ်မှုအပေါ် အထောက်အပံ့ဖြစ်စေနိုင်တဲ့အတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများဖြန့်ဝေနေခြင်းများကို စောင့်ကြပ်ကြည့်ရှုရာတွင် AHA Centre အနေဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း အစည်းအဝေးက တိုက်တွန်းခဲ့ ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

@ymg/knl