၁၁ စက်တင်ဘာ ၂၀၂၃

မြန်မာနိုင်ငံက ရုရှားရင်းနှီးမြှပ်နှံမည့်သူတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှပ်နှံကြဖို့ ဖိတ်ခေါ်လိုက်ပြီး  ကုန်သွယ်ရေး လမ်းကြောင်းအသစ်တွေကို ဖန်တီးဖို့ ထောက်ပို့နှင့်သယ်ယူပို့ဆောင်ရေးစင်္ကြံတွေ တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ မြန်မာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ကြီးမြထွန်းဦးက ပြောကြားတယ်လို့ ရုရှား RIA သတင်းက ရေးသားလိုက်ပါတယ်။

“ စိုက်ပျိုးရေးထုတ်ကုန်တွေနှင့် စားသောက်ကုန်တွေကို ကျွန်တော်တို့ ထုတ်လုပ်ပြီး ဥရောပအာရှ Eurasian ဈေးကွက်ကို တင်ပို့နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်မျှော်လင့်ထားပါတယ်။ ရင်းနှီးမြှပ်နှံသူတွေကို မြန်မာနိုင်ငံလာပြီး ကျွန်တော်တို့ရဲ့လယ်ယာထွက်ကုန်တွေကို လာရောက်အကဲဖြတ်ဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်” လို့   ရုရှားနိုင်ငံမှာကျင်းပနေတဲ့ (၈)ကြိမ်မြောက် အရှေ့ဒေသစီးပွားရေးဖိုရမ်မှာ ဗိုလ်ချူပ်ကြီး မြထွန်းဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနှင့်အိန္ဒိယအကြား မြောက်တောင်စင်္ကြံတစ်ခုတည်ဆောက်ခြင်းဖြင့် ဒေသအတွင်း ကုန်သွယ်ရေးတွေ တိုးတက်လာလိမ့်မယ်လို့ လည်း ဗိုလ်ချူပ်ကြီးမြထွန်းဦးကပြောပါတယ်။ အဲဒီကမှတစ်ဆင့် တောင်အာရှ၊ အရှေ့အလယ်ပိုင်းနှင့်ရုရှားတို့အကြား ကုန်သွယ်ရေးလမ်းကြောင်း တွေနှင့် ထောက်ပို့အချိတ်အဆက်တွေပိုအားကောင်းလာလိမ့်မယ်လို့လည်း သူကဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းမှာဖော်ပြ ထားပါတယ်။