Published_ 4 September 2023

ယခုလ စက်တင်ဘာ ပထမအပတ်အတွင်း အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည့် အင်ဒိုနီးရှားမာစတာပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သူမ၏ ဖခင်ဖြစ်သူက Yangon Times သို့ပြောသည်။

 

ယင်းပြိုင်ပွဲကို စက်တင်ဘာ (၅)ရက်မှ (၁၀)ရက်အထိ အင်ဒို နီးရှားနိုင်ငံ မီဒန်မြို့၌ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ကစားသမား (၃၂)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ပွဲစဉ်ရေးဆွဲထားမှုအရ သက်ထားသူဇာသည် အိမ်ရှင်အင်ဒိုနီးရှားနိုင်ငံသူ ဝီဂျာဂျာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ဝီဂျာဂျာသည် လက်ရှိ ကမ္ဘာ့အဆင့် (၉၈)တွင် ရပ်တည်လျက်ရှိပြီး ၊ သက်ထားသူဇာမှာ ကမ္ဘာ့အဆင့် (၄၈)နေရာတွင် ရပ်တည်နေကြသူများဖြစ်သည်။

 

ပြိုင်ပွဲတွင် သက်ထားသူဇာအနေဖြင့် ဝီဂျာဂျာကို အနိုင်ရရှိပါက ဒုတိယအဆင့်တွင် တရုတ်တိုင်ပေ ကြက်တောင်မယ်ချန်စုယူနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သက်ထားသူဇာသည် ယခု စက်တင် ဘာလအတွင်း အင်ဒိုနီးရှားမာစတာပြိုင်ပွဲအပြင် ဗီယက်နမ် မာစတာပြိုင်ပွဲနှင့် ထိုင်းနိုင်ငံ ဖိတ်ခေါ် ပြိုင်ပွဲတို့ကို တစ်ဆက်တည်သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

သက်ထားသူဇာသည် ၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေပြီး၊ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ကျင်းပသည့်ပြိုင်ပွဲများတွင် အဆက်မပြတ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး သြဂုတ်လကုန်အထိ ပြိုင်ပွဲစုစုပေါင်း (၁၄)ခု ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/my
#Local_Sport
#YMG #Yangon_Times