#Local_News
Published-4 April 2023

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေ ဦးစီးဌာန၏ ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရသည့်ပမာဏ ယခင်၇၅၀၀၀၀ကျပ်ကို ယခု ၂၅၀၀၀၀ကျပ် လျှော့ချသတ်မှတ်လိုက်ကြောင်းအသိပေးထားသည်။

 

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအား အားပေးမြှင့်တင်နိုင်ရန် ရည်ရွယ်၍ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အတွက် Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သာ ကျသင့်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းစဉ်အတွက် ယခင်ကျသင့်ငွေမှာ ၇၅၀၀၀၀ ကျပ်ဖြစ်ပြီး ဧပြီလ (၁)ရက်မှစတင်ကာ ပြောင်းလဲလျှော့ပေါ့လိုက်ခြင်းဖြစ်ပြီး ထောက်ခံချက်အတွက် ခွင့်ပြုကာလမှာ ဧပြီလ (၁) ရက် မှ စက်တင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး Online E-Submission လျှောက်ထားရာတွင် ပေးသွင်းရမည့် ပမာဏမှာ ၂၅၀၀၀၀ ကျပ်သည် ဓာတ်ခွဲစစ်ဆေးခ မပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ယင်းကဲ့သို့ ခွင့်ပြုကာလ (၆) လအတွင်း လျှောက်ထားလာသည့် လုပ်ငန်းများအား စစ်ဆေးမှုပြီးပြည့်စုံပါက ထောက်ခံချက်သက်တမ်းအနေဖြင့် (၁) နှစ်ထုတ်ပေးသွားမည်ဟုလည်း ကျန်းမာရေးဝန်ကြီးဌာနသိရသည်။

 

ထို့အပြင် ဘေးဖြစ်နိုင်ခြေနည်းသည့် အစားအသောက်များနှင့် ဘေးဖြစ်နိုင်ခြေအလယ်အလတ်အဆင့်ရှိ အစားအသောက်များအနေဖြင့် Myanmar Food Laboratory Network ၏ အသိအမှတ်ပြု ဓာတ်ခွဲခန်းများတွင် (၃) လအတွင်း စစ်ဆေးထားသော စစ်ဆေးချက်အဖြေများနှင့်တကွ တင်ပြလာပါက FDA ၏ ဓာတ်ခွဲခန်းများတွင် ထပ် မံစစ်ဆေးရန် မလိုအပ်ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

 

ယခုအစီအစဉ်တွင် အထူးထိန်းချုပ်အစားအသောက်များဖြစ်သည့် အမှတ်တံဆပ်ပါ ဘူးသွင်းသောက်ရေသန့်၊ အမှတ်တံဆပ်ပါ စားသုံးဆီများနှင့်ဘေးဖြစ်နိုင်ခြေများသည့် အစားအသောက် High Risk Foodများ အကျုံးမဝင်ကြောင်းသိရသည်။

#ymg/mt
#Local_News #အစားအသောက် #ထောက်ခံချက် #Online E-Submission
လျှောက်ထားကျသင့်ငွေ #YMG #Yangon-Media-Group