Published 19 March 2023

ကိုလိုနီခေတ်က မြစ်ဖျားခံခဲ့တဲ့ အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုတွေကို ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။

ယနေ့မတ်၁၉ ရက်မှာကျရောက်တဲ့ ၄၉နှစ်မြောက် မွန်ပြည်နယ်နေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဗိုလ်ချူပ်မှူးကြီး      မင်းအောင်လှိုင်က ယခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

“ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့ကြသည့် နိုင်ငံများမှာ ကိုလိုနီခေတ်မှ ဒဏ်ရာဒဏ်ချက်များကို ကုစားကာ ရုန်းထလိုသောစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ကို တည်ဆောက် ခဲ့ကြ   သောကြောင့် ဖွံ့ဖြိုးတိုးတက်ခဲ့ကြသည်ကို နမူနာယူကာ မိမိတို့နိုင်ငံတွင်လည်း လက်ရှိကြုံတွေ့နေရသော နိုင်ငံရေး   နှင့်လက်နက်ကိုင် ပဋိပက္ခများကို အဆုံးသတ်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်   သင့်ပြီ   ဖြစ်ပါသည်” လို့ သဝဏ်လွှာမှာဆက်လက်ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ ဒေသတချို့အပါအဝင် ဆူပူအကြမ်းဖက်မှုများ၊ တရားဥပဒေကို ဖောက်ဖျက်ကျူးလွန်မှုများ၊ နိုင်ငံတော်ကို အဖျက်အမှောင့်ပြုလုပ်နေကြခြင်းများကြောင့် ပြည်နယ်၏ သမိုင်းအစဉ်အလာကောင်းများကို မှေးမှိန်စေပြီး နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားလှတယ်လို့လည်း နစက ဥက္ကဋ္ဌက သဝဏ်လွှာမှာ သတိပေးပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ အရေးပေါ်အခြေအနေကို ကြေညာထားသည့် ကာလတစ်ရပ်ကို ဖြတ်သန်းနေရဆဲဖြစ်ပြီး ပြည်တွင်းပြည်ပမှ အကြမ်းဖက်ဝါဒီများက နိုင်ငံကိုအလုံးစုံပျက်သုဉ်းစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့၊ စည်းမဲ့ကမ်းမဲ့ဖြင့် အစွမ်းကုန်အားထုတ် ဖျက်ဆီးနေကြဆဲဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးက ပြောဆိုပါတယ်။

လွတ်လပ်ရေးရရှိပြီးနောက်  ၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တနင်္သာရီတိုင်း အမှတ် (၁) အား မွန်ပြည်နယ်အဖြစ် ကမ္ပည်းတင်ရေးထိုးခဲ့တဲ့  မတ်လ (၁၉)ရက်နေ့ကို မွန်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

Ymg/knl

#(၄၉)နှစ်မြောက်မွန်ပြည်နယ်နေ့

#နစကဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်

#YangonMediaGroup