#Local_News
Published_ 5 February 2023

 

ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ရန်ကုန်နှင့် ကျောက်ဖြူမြို့တို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

 

နေရပ်ပြန်မြန်မာ ၆၇၉ ဦးတို့အနက် ရန်ကုန်တိုင်းဒေသကြီးမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၁၁၈ ဦးအား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား) ဖြင့် ခေါ်ဆောင်လာခဲ့ရာ ဒီကနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား (သီလဝါ) သို့ ရောက်ရှိခဲ့ပါတယ်။

 

ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်တို့အား နယ်မြေခံ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လာရောက်ကြိုဆိုကြပါတယ်။

 

အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးနှင့် ကျောက်ဖြူမြို့မှ နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦးတို့အား မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိပါတယ်။

 

ကျောက်ဖြူမြို့သို့ ပြန်လည်ရောက်ရှိလာကြသော နေရပ်ပြန်မြန်မာနိုင်ငံသား ၃၁ ဦး အား နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လာရောက်ကြိုဆိုကြပါတယ်။

 

စစ်ရေယာဉ်(အနော်ရထာ)သည် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင် မြို့များမှ နေရပ်ပြန်မြန်မာနိုင်ငံသား ၈၀ ဦးအား ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn
#Yangon_Media_Group