#Myanmar_News
Published 6 Feb 2023

 

လျှပ်စစ်ဓာတ်အားသုံးမော်တော်ယာဉ်တွေအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့တည်ဆောက်သွားမယ်လို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ကပြောကြားပါတယ်။

 

နစက ဥက္ကဋ္ဌဟာ ဖေဖော်ဝါရီ (၅)ရက် က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား လှိုင်သာယာ စက်မှုဇုန်၊ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာမှာ လျှပ်စစ်ကားများကိစ္စထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းမှန်ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်းနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီးစက်သုံးဆီသုံးစွဲမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်းကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်းသက်သာသည့် မီးရထားဖြင့် သယ်ယူ ပို့ဆောင်ကြစေလိုကြောင်း ဗိုလ်ချူပ်မှူးကြီးကပြောတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 

လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုဇုံလည်ပတ်မှု ပိုမိုအဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိရန် လိုအပ်မှု၊ သွင်းကုန်အစားထိုးရန်အတွက် စက်မှုကုန်ကြမ်းများနှင့် စက်အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် မြန်ဆန်စွာဖြင့် တင်သွင်းခွင့်ရရှိရေး၊ ပြည်တွင်းမှထုတ်လုပ်သည့် အဆင့်မီထုတ်ကုန်များကို နိုင်ငံတော်မှဝယ်ယူပေးစေလိုမှု တို့ကိုရှင်းလင်းတင်ပြခဲ့ပါတယ်။

 

စက်မှုဇုန်အသီးသီးမှ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်များအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများရှိနေပြီး ၎င်းတို့ကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများအတွက်အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပေးစေလိုမှု၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်များတည်ရှိသည့် မြို့နယ်များအတွင်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်နယ်မြေများအတွင်း စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုမှု၊အထည်အချုပ်လုပ်ငန်းများ၏ အရည်အသွေးတိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှု တို့နှင့် ပတ်သက်၍ အသီးသီး တင်ပြဆွေးနွေခဲ့ကြတယ်လို့လည်း သိရှိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေကလည်း တင်ပြဆွေးနွေးချက်တွေအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

 

ယခင်ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းစီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိခဲ့တဲ့အတွက် ယခုအခါ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိနေတယ်လို့ ဗိုလ်ချူပ်မှူးကြီးက ရှင်းလင်းပြောကြားပါတယ်။ အဲဒီအပြင် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် လေအားသုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

 

ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကိုမိမိအနေဖြင့် အာမခံချက်ပေးတယ်လို့လည်း နစက ဥက္ကဋ္ဌကပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Source: MOI

#ymg/knl

#Myanmar

#Myanmar_S.G.