#World_Politics
Published 19 December 2022

 

ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က ငြိမ်းချမ်းရေးအမှာစကားပြောကြားထားတဲ့ ဗီဒီယိုကို ကာတာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ မစတင်မီမှာ ထုတ်လွှင့်ပြသပေးဖို့ တောင်းဆိုခဲ့ရာ ဘောလုံးအဖွဲ့ချုပ်ဖီဖာ(FIFA)က ငြင်းပယ်ခဲ့ပေမယ့်လည်း တစ်ကမ္ဘာလုံးက သူ့အမှာစကားကို ကြားသိခဲ့ပြီဖြစ်ကြောင်း 'ဇယ်လန်စကီ'က ပြောကြားလိုက်ပါတယ်။

 

ပြသဖို့တောင်းဆိုခဲ့တဲ့ဗီဒီယိုထဲမှာ သမ္မတရဲ့အမှာစကားအပြင် ရုရှားကျူးကျော်မှုကြောင့်ဖြစ်လာတဲ့ စစ်ပွဲကိုဖြေရှင်းနိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးအစည်းအဝေးပွဲ ပြုလုပ်ရန်တောင်းဆိုချက်လည်း ပါဝင်ပါတယ်။

 

ယူကရိန်းဘောလုံးသမားတွေနဲ့ အခြားအရာရှိများက ဒီအမှာစကားကို လူအများသိအောင် ချပြနိုင်ခဲ့ပြီလို့ ဆိုခဲ့တာဖြစ်ပါတယ်။

 

"ဖီဖာက ကာတာမှာပြုလုပ်တဲ့ ဗိုလ်လုပွဲမတိုင်မီမှာ ကွင်းထဲကနေ အမှာစကားထုတ်လွှင့်ပြသဖို့ကို ပိတ်ပင်ခဲ့ပေမယ့် ကမ္ဘာကြီးက ကျွန်ုပ်တို့ရဲ့တောင်းဆိုသံကို ကြားသိခဲ့ကြပါပြီ" လို့ 'ဇယ်လန်စကီ'က ညစဉ်ဗီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

 

အနိုင်ရဖို့ကြိုးစားအားထုတ်ခြင်းက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အနှစ်သာရဖြစ်ကြောင်း၊ ပြိုင်ပွဲဆိုတာက ကွင်းထဲမှာယှဉ်ပြိုင်တာဖြစ်ပေမယ့် စစ်မြေပြင်မှာယှဉ်ပြိုင်တာမဟုတ်ကြောင်း၊ အဆိုးဆုံးဖြစ်မှ အနီကဒ်ထိတာဖြစ်ပေမယ့် နျူကလီးယားစစ်ပွဲဖြစ်လာစေမယ့် အနီရောင်ခလုတ်တော့ မပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

 

ဗိုလ်လုပွဲမတိုင်မီ ငြိမ်းချမ်းရေးအမှာစကားကို ထုတ်လွှင့်ခွင့်ပြုဖို့ 'ဇယ်လန်စကီ'က ဖီဖာကိုတောင်းဆိုခဲ့တယ်လို့ CNN က သောကြာနေ့မှာ သတင်းတင်ပြခဲ့ပါတယ်။

 

"ကျွန်ုပ်တို့က ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးလမ်းစဉ်ကို မျှတစွာပဲ တင်ပြခဲ့ပါတယ်၊ စစ်ပွဲမှာ ချန်ပီယံဆိုတာမရှိပါဘူး၊ သရေရလဒ်ဆိုတာ မရှိပါဘူး" လို့ ဗီဒီယိုထဲမှာ ပြောကြားထားပါတယ်။

 

"ယခုဆောင်းရာသီမှာ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးလမ်းစဉ်အစည်းအဝေးပွဲကို ကျင်းပပေးဖို့တောင်းဆိုပါတယ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တစ်ကမ္ဘာလုံးကနိုင်ငံတွေ စုစည်းညီညွတ်စွာပါဝင်တဲ့ အစည်းအဝေးပေါ့၊ ဘောလုံးပွဲပြီးသွားရင် ပွဲကြည့်စင်တွေမှာ ဘယ်သူမှမရှိတော့သလို စစ်ပွဲပြီးရင်လည်း မြို့တွေမှာဘယ်သူမှမရှိတော့ပါဘူး" လို့ သမ္မတက အမှာစကားပြောခဲ့ပါတယ်။

 

အခြားတစ်ဖက်မှာတော့ တနင်္ဂနွေနေ့က ဒိုဟာမြို့တော်ရှိ လူဆေးလ်ဘောလုံးကွင်းမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲစဉ်မှာ ပြင်သစ်ကိုအနိုင်ရပြီး အာဂျင်တီးနားဗိုလ်စွဲခဲ့တဲ့အတွက် ရုရှားသမ္မတ'ပူတင်'က အာဂျင်တီးနားသမ္မတ'အယ်လ်ဘာတိုဖာနန်ဒက်ဇ်'ကို ဂုဏ်ပြုခဲ့ကြောင်း ရုရှားသတင်းဌာနများက တင်ပြခဲ့ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းကိုစစ်ပွဲဆင်နွှဲပြီး တစ်ကမ္ဘာလုံးပါဝင်ပတ်သက်လာစေပေမယ့် ဖီဖာက ဒီဖြစ်ရပ်ဆိုးကြီးကို အသိအမှတ်မပြုနားမလည်ကြောင်း ပြသရာရောက်တယ်လို့ ယူကရိန်းသမ္မတလက်ထောက်'မစ်ခေလိုပိုဒိုလီယက်ခ်'က တွစ်တာမှာဖော်ပြခဲ့ပါတယ်။

 

ဖီဖာကတော့ ကမ္ဘာ့ဖလားပွဲစဉ်တွေစီစဉ်ကျင်းပရာမှာ နိုင်ငံရေးအကြောင်းတွေနဲ့ပတ်သက်ပြီး ငြင်းပယ်ထားတာဖြစ်ပါတယ်။

 

အဆိုပါဗိုလ်လုပွဲစဉ်ကို တစ်ကမ္ဘာလုံးမှာ ရုပ်သံကနေတိုက်ရိုက်ကြည့်ရှုသူပေါင်း သန်းရာချီရှိခဲ့ကြပါတယ်။

 

Source: Reuters
#Yangon_Media_Group