#World_Health
Published 19 October 2022

 

ငှက်တွန်သံနားဆင်ခြင်းက လူတွေရဲ့စိတ်အခြေအနေကို ကောင်းမွန်စေရုံမက ကယောင်ခြောက်ခြားစိတ်ဖြစ်ခြင်းကိုလည်း လျှော့ချပေးနိုင်ကြောင်း ဂျာမနီနိုင်ငံ မက်ဇ်ပလန့်ခ်တက္ကသိုလ်မှ သုတေသီများက ပြောကြားလိုက်ပါတယ်။

 

ပတ်ဝန်းကျင် အာရုံကြောသိပ္ပံအဖွဲ့မှ စာတမ်းပြုစုသူပါရဂူ'အီမေလ်စတော့ဘ်'က လူတစ်ဦးချင်းစီအပေါ် သဘာဝပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုကို လေ့လာရန်အတွက် လူ ၂၉၅ ဦးကို အွန်လိုင်းမှစစ်တမ်းကောက်ယူကာ ဆူညံသံတွေနဲ့ ငှက်တေးသီသံတို့က စိတ်အခြေအနေနဲ့ မှတ်ဉာဏ်စွမ်းဆောင်ရည်အပေါ် ဘယ်လိုသက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။

 

စမ်းသပ်ခံများကို ဆူညံသံနဲ့ ငှက်တေးသီသံအမျိုးမျိုးကို ၆ မိနစ်ကြာနားထောင်စေခဲ့ပါတယ်။

 

နားမထောင်ခင်နဲ့ နားထောင်အပြီးမှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ မှတ်ဉာဏ်စွမ်းရည်တို့ကို စစ်ဆေးနိုင်မယ့် မေးခွန်းများ မေးမြန်းခဲ့ပါတယ်။

 

ထို့နောက် တွေ့ရှိချက်များကို Scientific Reports ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

 

ကျန်းမာတဲ့လူတွေဟာလည်း စိုးရိမ်သောကတွေ ယာယီအကြောက်လွန်ခြင်းများ ခံစားရနိုင်ပါတယ်။

 

မေးခွန်းမေးတဲ့ပုံစံက စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်းတို့ကို စစ်ဆေးတာမျိုးမဟုတ်ဘဲ လူတို့ရဲ့သဘောထားကို ခွဲခြားသိမြင်စေကာ ယင်းသဘောထားများအပေါ် ငှက်များရဲ့တေးသီသံက အကျိုးသက်ရောက်မှုရှိ/မရှိကို ဖော်ထုတ်ချင်တာဖြစ်ကြောင်း 'စတော့ဘ်'က ပြောပြပါတယ်။

 

ယခင်စိတ်ပိုင်းဆိုင်ရာအချက်အလက်များမှာလည်း သဘာဝပတ်ဝန်းကျင်အသံတွေက လူသားတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေနဲ့ အသိဉာဏ်တို့အပေါ် လွှမ်းမိုးမှုရှိကြောင်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် မြို့ပြလူနေမှု များပြားလာခြင်းက စိတ်ကျန်းမာရေးထိခိုက်စေတာမျိုး အဖြစ်များလာကြပါတယ်။

 

၂၀၀၅ ခုနှစ်လေ့လာချက်တစ်ခုမှာလည်း စိတ်ကစဉ့်ကလျားဖြစ်ခြင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်ဟာ မြို့ပြလူနေမှုကြောင့် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

အခုဂျာမနီလေ့လာမှုအသစ်မှာ ငှက်တွေရဲ့တေးသီသံကို နားထောင်ခြင်းဟာ စိုးရိမ်ပူပန်စိတ်နဲ့ ကယောင်ခြောက်ခြားဖြစ်ခြင်းတို့ကို သိသိသာသာလျော့ကျစေပါတယ်။

 

တေးသီသံတွေက စိတ်ဓာတ်ကျဆင်းခြင်းကိုတော့ မသက်သာစေပေမယ့် ဆူညံသံတွေကတော့ စိတ်ဓာတ်ကျခြင်းအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

 

ငှက်တေးသီသံတွေကို ကက်ဆက်ဖွင့်နားဆင်တာမျိုးလည်း ပြုလုပ်နိုင်ပေမယ့် သဘာဝအသံကတော့ ပိုပြီးသက်ရောက်ရှိစေပါတယ်။

 

သဘာဝပတ်ဝန်းကျင်နေရာတစ်ခုမှာ တစ်နာရီလမ်းလျှောက်ပေးခြင်းကလည်း စိတ်ဖိစီးမှုကို ပြေလျော့စေတယ်လို့ သိရှိထားပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group