Published 7 Sept 2022

ဗီယက်နမ်တောင်ပိုင်းက ကာရာအိုကေဘားတစ်ဆိုင် စက်တင်ဘာ ၆ ရက်က မီးလောင်ခဲ့တဲ့အတွက် လူ ၁၂ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားပါတယ်လို့ အရာရှိတွေကပြောပါတယ်။

အင်္ဂါနေ့ညပိုင်းမှာ အဲဒီကာရာအိုကေဘားဆိုင်ရဲ့ ဒုတိယထပ်နှင့် တတိယထပ်မှာ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး ဆိုင်ကို လာရောက်ကြတဲ့ ဖောက်သည်တွေနှင့် ဝန်ထမ်းတွေဟာ ပိတ်မိနေခဲ့ပါတယ်။ မီးခိုးတွေဟာ လှေကားတစ်လျောက်ပိတ်မှောင်သွားပြီး အရေးပေါ်ထွက်ပေါက်ပါပိတ်ဆို့သွားတယ်လို့ နိုင်ငံပိုင်မီဒီယကပြောပါတယ်။

တော်တော်များများဟာ လသာဆောင်ဘက်ကို အပြေးအလွှားထွက်ပြေးကြပါတယ်။ အဲဒီအခါမှာ သစ်သားအတွင်းခန်းတွေမှာ မီးကကြီးလာပြီး အချို့ဟာ အဆောက်အအုံကနေ ခုန်ချကြတယ်လို့ သတင်းတွေကဆိုပါတယ်။

အဲဒီကာရာအိုကေဘားဟာ ဟိုချီမင်းမြို့တော် ရဲ့ မြောက်ဘက် သူယမ်အန်းမြို့က လူနေထူထပ်တဲ့ ရပ်ကွက်ထဲမှာ မှာတည်ရှိပါတယ်။

ဒေသအရာရှိတစ်ဦးက လူ၁၂ ဦးသေဆုံးပြီး ၁၁ဦးဒဏ်ရာရတယ်လို့ အေအက်ဖ်ပီကိုပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အသက်ရှင်သူတွေ ဆက်လက်ရှာဖွေနေပြီး မီးလောင်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်နေတယ်လို့လည်း သူယမ်အန်မြို့ ကွန်မြူနစ်ပါတီအရာရှိတစ်ဦးကပြောပါတယ်။  အဲဒီကာရာအိုကေဘားအနီးနေထိုင်သူ ငုယင်ဆန်းကလည်း မီးသတ်ကားတွေရောက်လာချိန် အထဲမှာ လူ(၄၀)လောက်ပိတ်မိနေတယ်လို့ ဧည့်ကြိုတစ်ဦးက ပြောတယ်လို့ ပြန်ပြောပြပါတယ်။

အချို့က အပူဒဏ်မခံနိုင်လို့ခုန်ချကြတဲ့အတွက် လက်တွေ ခြေထောက်တွေကျိုးကုန်တယ်လို့ ဆန်းက ဆက်ပြောပါတယ်။

ယခုမီးလောင်မှုဟာ ၂၀၁၈နှစ်ကတည်းကဆိုရင် အဆိုးရွားဆုံးဖြစ်ပါတယ်။ ၂၀၁၈တုန်းကတော့ ဟိုချီမင်းက လူနေအိမ်တွဲတစ်ခုမီးလောင်လို့ လူ၁၃ ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်က ဟနွိုင်းမြို့တော် က ကာရာအိုကေဘားတစ်ခုယခုလိုပဲမီးလောင်လို့ လူ၁၃ ဦးသေဆုံးခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့လက ဟနွိုင်းက အခြားကာရာအိုကေတစ်ခုမီးလောင်လို့ မီးငြှိမ်းသတ်တဲ့ မီးသတ်သမားသုံးဦးသေဆုံးခဲ့ရကြောင်းသိရပါတယ်။

Source AFP

#Vietnam_Karaoke_Bar_Fire

#Vietnam_Thuan_An_city

#Vietnam