#World_Military
Published 7 September 2022

 

အမေရိကန်စစ်တပ်က တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဗုဒ္ဓဟူးနေ့မှာ စမ်းသပ်ပစ်လွှတ်သွားမယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာလိုက်ပါတယ်။

 

ဒါဟာ တစ်လတောင်မကြာသေးတဲ့ အချိန်အတွင်း အမေရိကန်တို့က နျူကလီးယားကာကွယ်ရေးဆိုင်ရာ စမ်းသပ်ပစ်လွှတ်မှုကို ဒုတိယအကြိမ်စမ်းသပ်တာဖြစ်ပါတယ်။

 

စက်တင်ဘာလ ၇ ရက်နေ့ နံနက်အစောပိုင်းမှာ ကယ်လီဖိုးနီးယား ဗန်ဒန်ဘာ့ဂ်စပေ့စ်တပ်အခြေချစခန်းကနေ နျူကလီးယားလက်နက်မပါတဲ့ မိနစ်မန်း(၃)တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို လေတပ်ဌာနချုပ်က စမ်းသပ်ပစ်လွှတ်သွားမယ်လို ပင်တဂွန်မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်'ပတ်ရိုင်ဒါ'က အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

 

စမ်းသပ်ပစ်လွှတ်ဖို့ကို ကြိုတင်ကြေညာတာက အမေရိကန်ထုံးစံတော့ မဟုတ်ပါဘူး။

 

ပင်တဂွန်ဟာ အရင်က မစမ်းသပ်ခင်မှာ အတည်ပြုကြေညာလေ့မရှိပါဘူး။

 

ဒီစမ်းသပ်မှုက စီစဉ်ထားတာကြာပြီဖြစ်ပြီး ထိုအစီအစဉ်များနဲ့ပတ်သက်ပြီး ရုရှားနဲ့ အခြားနိုင်ငံများကို အကြောင်းကြားထားကြောင်း 'ရိုင်ဒါ'က ဆိုပါတယ်။

 

စမ်းသပ်မှုရဲ့ရည်ရွယ်ချက်က အမေရိကန်နျူကလီးယားတပ်ဖွဲ့များ အသင့်ရှိနေခြင်းကို ပြသရန်နဲ့ နိုင်ငံရဲ့နျူကလီးယားဟန့်တားရေးဆိုင်ရာ လုံခြုံရေးနဲ့ထိရောက်မှုတို့အပေါ် ယုံကြည်အားထားနိုင်ရန်ဖြစ်တယ်လို့ 'ရိုင်ဒါ'က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

 

ယူကရိန်းအရေးနဲ့ ထိုင်ဝမ်အရေးတို့ကြား တင်းမာမှုမြင့်တက်လာဖို့ မလိုလားတာကြောင့် မိနစ်မန်း(၃)ပစ်လွှတ်မှုကို နှစ်ကြိမ်တိုင်ရွှေ့ဆိုင်းခဲ့ရပြီးနောက် ဩဂုတ် ၁၆ ရက်နေ့မှာ အမေရိကန်လေတပ်က အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

 

ဒုံးကျည်မှာ ဂြိုဟ်တုမှပြန်ရောက်လာတဲ့ယာဉ်နဲ့ တင်ဆောင်ထားပြီး တကယ့်စစ်ပွဲကျရင် နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

 

ဂြိုဟ်တုယာဉ်က အနောက်ပစိဖိတ် မာရှယ်ကျွန်းများရှိ ကွာဂျာလိန်းအန်တိုးလ်ကျွန်းအထိ မိုင်ပေါင်း ၄,၂၀၀ သွားရောက်ခဲ့ပါတယ်။

 

စမ်းသပ်မှုနှစ်ကြိမ်က အစီအစဉ်ဆွဲထားတာကြာပြီဖြစ်ပြီး ပထမတစ်ကြိမ်ကို ရွှေ့ဆိုင်းလိုက်ရတာကြောင့် ရက်နီးသွားတာဖြစ်ကြောင်း 'ရိုင်ဒါ'က ပြောပြသွားပါတယ်။

 

Source: The Straits Times
#Yangon_Media_Group