Published 7 July 2022

အစိုးရအဖွဲ့ရဲ့ ထိပ်တန်း  ဝန်ကြီး (၄)ဦး နှုတ်ထွက်သွားပြီး သူ့ပါတီရဲ့ အမတ်တွေရဲ့ ပုန်ကန်မှုတွေက ရပ်တန့်သွားမယ့်ပုံမရှိတဲ့အတွက် ဗြိတိန်အစိုးရ ချိနည့်သွားနိုင်တဲ့အနေအထား ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ပမာမခန့်စွာပဲ  အာဏာကို ဆုပ်ကိုင်ထားနေပါတယ်လို့ ရိုက်တာက ရေးပါတယ်။

သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီမှာ ဒါဇင်ပေါင်းများစွာက သူ့ကိုပုန်ကန်နေကြချိန်မှာ အရှုပ်တော်ပုံတွေ ဆက်တိုက် ဖြစ်ခဲ့ပြီးနောက် ဂျွန်ဆင်ဟာ ရာထူးနှင့် မသင့်တော်တော့ဘူးလို့ ပြောဆိုကြကာ လွန်ခဲ့တဲ့ ၄၈နာရီအတွင်း ဝန်ကြီး ၅၀ ကျော်နှုတ်ထွက်သွားခဲ့ကြပါတယ်။

အကြီးတန်းဝန်ကြီးတွေနှင့် အစိုးရအဖွဲ့ဝင်တွေမဟုတ်ကြတဲ့ ကွန်ဆာဗေးတစ်ပါတီရဲ့ အကြီးတန်းထင်ရှားသူ အမတ်တွေပါဝင်တဲ့ ကိုယ်စားလှယ်တစ်ဖွဲ့ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒေါင်းနင်းလမ်းက ဝန်ကြီးချုပ်အိမ်တော်ကို သွားရောက်ခဲ့ကြပြီး သူ့ကို ထွက်ခွာသွားဖို့နှင့် ဂုဏ်သိက္ခာရှိရှိနှုတ်ထွက်ဖို့ ပြောဆိုခဲ့ကြပါတယ်။

ဒါပေမယ့် သူက ဖယ်ပေးဖို့ငြင်းဆန်ရုံတင်မကဘဲ  သူ့ကို နှုတ်ထွက်သင့်တယ်လို့ပြောခဲ့တဲ့ အတော်ဆုံးဝန်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ မိုက်ကယ်ဂေါ့ဗ်ကိုတောင် ရာထူးက ထုတ်ပစ်လိုက်ပါသေးတယ်လို့ မီဒီယာတွေက ရေးသားကြပါတယ်။

၂၀၁၉ မှာ ကွန်ဆာဗေးတစ်တွေအတွက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင် ၁၄သန်းနီးပါးဆီက အုပ်ချုပ်ဖို့ သူ့မှာ အခွင့်အာဏရထားတာ ဖြစ်တယ်လို့ ဂျွန်ဆင်က ပြောပါတယ်။

စီးပွားရေးအကျပ်အတည်းတွေနှင့် ဥရောပစစ်ပွဲတွေဖြစ်ပွားနေတဲ့ အလယ်မှာ သူ့အနေနှင့် ဒီအလုပ်ကနေ ခေါင်းရှောင်သွားဖို့  တာဝန်မရှိဘူးလို့ သူကပြောပါတယ်။ဖေဖော်ဝါရီလကုန်ပိုင်း ရုရှားကျူးကျော်ပြီးနောက် ဂျွန်ဆင်ဟာ ယူကရိန်းကို လူသိရှင်ကြား ထောက်ခံသူတစ်ဦးဖြစ်ခဲ့ပါတယ်။

သူ့ရဲ့အမတ်တွေက သူ့ကို အယုံအကြည်မရှိအဆိုရှုံးနိမ့်သွားရင်တောင် သူဒီအလုပ်မှာ ဆက်နေဖို့ကြိုးစားဦးမှာလား ဆိုတာကို ပြောဆိုဖို့တော့ သူက ငြင်းဆိုခဲ့ပါတယ်။  တစ်နှစ်မှာတစ်ကြိမ်ပဲ အယုံအကြည်မရှိအဆိုတင်သွင်းရမယ်ဆိုတဲ့ ပါတီရဲ့ စည်းကမ်းကိုသာ ပြင်လို့ရရင် အဲဒီအယုံအကြည်မရှိအဆိုကို လာမယ့်အပတ်ထဲ လုပ်နိုင်ပါတယ်။ သူဟာ ပြီးခဲ့တဲ့လက အဆိုကို ကပ်ပြီး နိုင်ခဲ့ပါတယ်။

“ ဝန်ကြီးချုပ် နှုတ်ထွက်ဖို့ အချိန်ရောက်ပြီလို့ ကျွန်မထင်ပါတယ်” လို အင်္ဂလန်နှင့်ဝေလတို့ရဲ့ ရှေ့နေချုပ် ဆူလာဘရာဗာမင်းက အိုင်တီဗွီကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။ သူမကတော့ ဒီရာထူးမှာပဲ ဆက်နေဦးမှာဖြစ်ပြီး တကယ်လို့ ခေါင်းဆောင်နေရာယှဉ်ပြိုင်ဖို့ရှိလာရင် ကျွန်မနာမည်စာရင်းသွင်းမယ် လို့လည်း သူကပြောပါတယ်။

Source: Reuters