#World_News
Published 05 December 2023


အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမာတြာရှိ မရာပီမီးတောင် ပေါက်ကွဲခဲ့သဖြင့် တနင်္လာနေ့က တောင်တက်သမား ၁၁ ဦး သေဆုံးလျက် တွေ့ရှိခဲ့ကာ ၁၂ ဦး ပျောက်ဆုံးနေကြောင်း ကယ်ဆယ်ရေးအရာရှိတစ်ဦးက ပြောပြခဲ့ပါတယ်။

 

လုံခြုံရေးစိုးရိမ်ရမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တရပ်ဆိုင်းခဲ့ရကာ ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

တနင်္ဂနွေနေ့ မီးတောင်ပေါက်ကွဲချိန်မှာ ထိုအနီးနားတဝိုက်မှာရှိတဲ့ လူ ၇၅ ဦးထဲက အသက်ရှင်ကျန်ရစ်သူ ၃ ဦးနဲ့ အလောင်း ၁၁ လောင်းကို တနင်္လာနေ့မှာ တွေ့ရှိခဲ့ပြီး ထိုလူအားလုံးဟာ တောင်တက်သမားတွေချည်း ဖြစ်ကြောင်း ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုဒီဟာယာဝမ်က ပြောပြသွားပါတယ်။

 

ညနေမတိုင်မီအထိ ပျောက်ဆုံးနေသူ ၁၂ ဦးကို ဆက်လက်ရှာဖွေနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဘယ်အချိန်မှ ရပ်တန့်မလဲဆိုတာ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့ကာ အသက်ရှင်ကျန်ရစ်သူ ၃ ဦးနဲ့ အလောင်းတွေကို ဆက်လက်ကယ်ထုတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

တနင်္လာနေ့အစောပိုင်းက တောင်တက်သမား ၄၉ ဦးကို ဆယ်ထုတ်နိုင်ခဲ့ပြီး အပူလောင်ဒဏ်ရာများကို ကုသပေးခဲ့ပါတယ်။

 

မီးတောင်မှ အလောင်းတစ်လောင်းကို ဆယ်ထုတ်ဖို့ ၄ နာရီမှ ၆ နာရီလောက်အထိ အချိန်ယူရကာ အလွန်ခက်ခဲနေပါတယ်။

 

၂,၈၉၁ မီတာမြင့်တဲ့ မီးတောင်ကနေ တနင်္ဂနွေနေ့က ပြာမှုန့်တွေကို ကောင်းကင်ထက်သို့ ၃ ကီလိုမီတာလောက်အထိ မှုတ်ထုတ်နေခဲ့ပါတယ်။

 

မရာပီမီးတောင်ဟာ ဆူမာတြာကျွန်းမှာ အလှုပ်ရှားဆုံး မီးတောင်တွေထဲက တစ်ခုဖြစ်ပြီး ၁၉၇၉ ခုနှစ် ဧပြီလမှာ အကြီးမားဆုံး ပေါက်ကွဲမှုကြီးဖြစ်ခဲ့ပြီး လူ ၆၀ သေဆုံးခဲ့ပါတယ်။

 

ယခုနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာလည်း ပေါက်ကွဲခဲ့ကာ ၁ ကီလိုမီတာ အမြင့်လောက်အထိ ပြာမှုန်များ မှုတ်ထုတ်ခဲ့ပါတယ်။

 

အာဏာပိုင်များက ဒုတိယအဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ကာ မီးတောင်ထိပ်ဝ ၃ ကီလိုမီတာအတွင်း မသွားကြဖို့ တားမြစ်ထားပါတယ်။

 

ဗီဒီယိုပြသချက်တွေထဲမှာ မီးတောင်ပြာမှုန်ထုထည်ကြီးက ကောင်းကင်အနှံ့ ပျံ့နှံ့သွားခဲ့ပြီး လမ်းတွေကားတွေဟာ ပြာမှုန်ဖုံးလွှမ်းသွားခဲ့ပါတယ်။

 

တနင်္လာနေ့နံနက်ပိုင်းမှာ အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ရှာဖွေရေးများကို နာရီအနည်းငယ်ကြာ ရပ်ဆိုင်းခဲ့ရပါတယ်။

 


ထိုပေါက်ကွဲမှုကတော့ ပြာမှုန်များ ကောင်းကင်သို့ ၈၀၀ မီတာခန့်အထိ မှုတ်ထုတ်ခဲ့ပါတယ်။



အင်ဒိုနီးရှားနိုင်ငံဟာ ပစိဖိတ်ရဲ့ မီးကွင်းနေရာကြီးမှာ တည်ရှိနေပြီး လှုပ်ရှားမီးတောင် ၁၂၇ ခုရှိနေပါတယ်။

 

#World_News #အင်ဒိုနီးရှားမှမရာပီမီးတောင်ပေါက်ကွဲ #(၁၁)ဦးသေဆုံး #(၁၂)ဦးပျောက်ဆုံး #Source: Reuters